မန်ယူနိုက်တက် ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ မလာစီယာတို့ရဲ့ ဒဏ်ရာ အချိန်မီ ပြန်ကောင်းလာခြင်းမရှိတဲ့အပေါ် အသင်းဆေးအဖွဲ့ကို နည်းပြတန်ဟတ်ဂ်က ဝေဖန်ပါတယ်။
အင်္ဂလန်နောက်ခံလူလုခ်ရှောဟာ ပေါင်ခြံဒဏ်ရာကြောင့် သုံးလကြာ အနားယူခဲ့ရပြီးနောက် တံကောက်ကြော ဒဏ်ရာထပ်ရခဲ့တာကြောင့် ရာသီကုန်တဲ့အထိ အနားယူရတော့မှာပါ။
အလားတူ တခြားဘယ်နောက်ခံလူ မလာစီယာဟာလည်း ဒူးဒဏ်ရာခွဲစိတ်ကုသပြီးနောက် ၁၀ လကျော် အနားယူခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိ ကောင်းမွန်လာခြင်း မရှိသေးတာပါ။
မန်ယူအသင်းဆေးအဖွဲ့ကတော့ အဲဒီဘယ်နောက်ခံလူနှစ်ဦးဟာ ဇန်နဝါရီလအတွင်းမှာ ပြန်လည်ကောင်းမွန်လာမယ်လို့ နည်းပြတန်ဟတ်ဂ်ကို အသိပေးခဲ့တာပါ။
ဒါကြောင့် စပါးအသင်းကနေ အငှားခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ ရက်ဂူလွန်ကို ဘရန့်ဖို့ဒ်အသင်းဆီ ပြန်လည် အငှားချခဲ့တာပါ။
ဘယ်နောက်ခံလူတဦးမှ မရှိတော့တာကြောင့် လင်ဒီလော့ဖ်နဲ့ အမ်မရာဘတ်တို့ကို အစားထိုး အသုံးပြုနေရတာပါ။
အကောင်းဆုံးနည်းလမ်းနဲ့ အစားထိုးအသုံးပြုပေမဲ့ အသင်းအတွက် အားနည်းချက်ဖြစ်စေလို့ စိတ်ပျက်စရာကောင်းကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters