ဂျပန်မှာ ဩဇာအကြီးဆုံးနဲ့ အရောင်းရဆုံး မန်ဂ ရုပ်ပြဇာတ်ကောင်တဦးဖြစ်တဲ့ Dragon Ball ကို ဖန်တီးခဲ့သူ အကီရာတိုရီယာမဟာ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့စတူဒီယိုက ထုတ်ပြန်ပါတယ်။
တိုရီယာမဟာ ဦးနှောက်သွေးယိုစီးမှုကြောင့် မတ်လ ၁ ရက်နေ့က ဆုံးပါးခဲ့ရတာ ဖြစ်တယ်လို့ မတ်လ ၈ ရက်နေ့မှာ တရားဝင်ထုတ်ပြန်တာ ဖြစ်ပါတယ်။
Dragon Ball ဟာ ကမ္ဘာတဝန်းမှာ ထင်ရှားပြီး ကာတွန်းနဲ့ ရုပ်ရှင် ဗားရှင်းအမျိုးမျိုး ရေးဆွဲ၊ ရိုက်ကူးခဲ့ကြပါတယ်။
ပရိသတ်တွေကတော့ သူတို့ရဲ့ငယ်ဘဝ တစိတ်တဒေသဖြစ်ခဲ့တဲ့ ဇာတ်ကောင်တွေ ဖန်တီးပေးခဲ့တဲ့ တိုရီယာမအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
Dragon Ball မန်ဂ ရုပ်ပြစီးရီးဟာ ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဆန်ဂိုကူ ဆိုတဲ့ ကောင်လေးတယောက်ဟာ ဆိုင်ယန်လို့ခေါ်တဲ့ လူတူဂြိုဟ်သားတွေရန်ကနေ ကမ္ဘာမြေကို ကာကွယ်ဖို့ မှော်နဂါးဘောလုံးတွေ ရှာဖွေရတဲ့ စွန့်စားခန်းအဖြစ် ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ မပြီးသေးတဲ့ လက်ရာတွေ ကျန်ခဲ့တယ်လို့ဆိုပါတယ်။ မတ်လ ၁ ရက်နေ့က ကွယ်လွန်ခဲ့အပြီးမှာ သူ့မိသားစုနဲ့ မိတ်ဆွေအနည်းငယ်နဲ့ပဲ စျာပနကို တိတ်တဆိတ် ကျင်းပခဲ့ပါတယ်။
၁၉၅၅ ခုနှစ်က ဂျပန်နိုင်ငံ နာဂိုယာမှာ မွေးဖွားခဲ့တဲ့ တိုရီယာမဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေထဲမှာ Dr Slump ဆိုတဲ့ မန်ဂနဲ့ ဂျပန်ရုပ်ပြလောကကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ Dragon Ball ဇာတ်ကောင် ဂိုကုနဲ့တွဲပြီး အများသိကြတာ ဖြစ်ပါတယ်။
Source/Photo-KYODO via Reuters