Home
မြန်မာသတင်း
ဟိုပုံးတွင် စစ်တပ်ဗုံးကြဲသဖြင့် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး
DVB
·
March 8, 2024
hoe 832024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျောက်ကဆျားရွာမှာ မတ်လ ၈ ရက် ဒီနေ့လယ် ၂ နာရီက စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးလာကြဲလို့ ရွာခံအမျိုးသားတဦး သေဆုံးပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ရွာခံတဦးထံက သိရပါတယ်။

ကျောက်ကဆျားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးအဖွဲ့လည်း လာရောက်တပ်စွဲနေထိုင်တာ မရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်တာလို့ ပြောပါတယ်။

ကျောက်ကဆျားရွာခံတဦးက “တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ လေယာဉ်နဲ့ ရုတ်တရက်လာကြဲတာ၊ တဦးသေဆုံးပြီး တချို့လည်း ဒဏ်ရာရတယ်။ ဒဏ်ရာရသူလည်း ဒဏ်ရာပြင်းထန်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာ ဗုံးက ရွာထဲ နေအိမ်ပေါ် တည့်တည့်ကျ ပေါက်ကွဲတာ။ လေးငါးကြိမ် လာကြဲသွားတယ်” လို့ ပြောပါတယ်။

ကျောက်ကဆျားရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ ကျောက်ကဆျား မြောက်ဘက် ၁၀ မိုင်နီးပါး လွယ်ဝိုးတုတ်ရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ကျောက်ကဆျားရွာထဲ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရွာခံအမျိုးသားတဦး သေဆုံးကာ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသေးတယ်။

ကျောက်ကဆျားရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဒေသခံအများစု စစ်ရှောင်ကြပေမဲ့ မရှောင်နိုင်တဲ့လူလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၅,၉၄၂ ဦးရှိပြီး တိုက်ပွဲအတွင်း သေဆုံးရတဲ့ အရပ်သား ၄၇ ဦး ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013