မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာအနီး သံဖြူဇရပ်-ရေး ကားလမ်းမှာ စစ်တပ်ပိုင် Mytel ကုမ္ပဏီ အလုပ်သမား ၅ ဦးကို မတ်လ ၇ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စံပြကျေးရွာ ကြိုးတံတားအနီးမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်က Mytel ကေဘယ်လ်ကြိုးတွေ တပ်ဆင်နေတဲ့ အလုပ်သမား ၅ ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။
“မနေ့က နေ့လယ် ၁ နာရီလောက်က လာဖမ်းသွားကြတာ။ ဘယ်အဖွဲ့ကလဲတော့ သေချာမသိဘူး။ ကောင်လေးတွေက တာဝါတိုင်ပေါ် ကေဘယ်လ်ကြိုးတွေ တပ်နေတဲ့အချိန်မှာ ဖမ်းခေါ်သွားတာ။ ပြောက်ကျားဝတ်တွေနဲ့ပဲ။”
အဲ့ဒီ Mytel ကုမ္ပဏီ အလုပ်သမားတွေကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသလဲ ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒေသတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
မွန်ပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပိုင် Mytel ရုံးတွေနဲ့ Mytel ဖုန်းတာဝါတိုင်တွေ မကြာခဏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး လူသေဆုံးတာအပြင် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။