ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေရှိတဲ့အိမ်ကို ဦးစားပေးပြီး လူဦးရေစာရင်း ကောက်ယူနေတယ်လိ့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။
ဒီရက်ပိုင်းအတွင်း ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဦးဆောင်ပြီး စာရင်းလိုက်ကောက်ယူတာတွေ ခပ်စိတ်စိတ် လုပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ ရပ်ကွက်မှာ နေထိုင်သူတဦးက “လူငယ်တွေ၊ ယောက်ျားလေးတွေ ရှိတဲ့အိမ်ကို တန်းဝင်ပြီး စာရင်းကောက်တာ။ သူတို့က ဘယ်တိုက်၊ ဘယ်အခန်းမှာ လူငယ်ရှိတယ်ဆိုတာ ကြိုသိထားတာလေ။ ရပ်ကွက်ရုံးကသူတွေပဲ လိုက်ကောက်တာ” လို့ ပြောပါတယ်။
စာရင်းကောက်ရာမှာ အမည်၊ အသက်၊ အလုပ်အကိုင်နဲ့ အိမ်ထောင်ရှိမရှိဆိုတဲ့ အချက်တွေကို မေးပြီး ဘာအတွက်ကြောင့် ကောက်ယူတယ် ဆိုတာတော့ မပြောဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လှိုင်သာယာမြို့နယ်၊ ရိုးလေးကျေးရွာမှာ နေထိုင်သူတဦးက “ဒီမှာလည်း ယောက်ျားလေးတွေရှိတဲ့ အိမ်တွေကို စာရင်းလိုက်ကောက်နေတယ်။ စစ်မှုထမ်းခိုင်းမယ့်ကိစ္စနဲ့ ဆိုင်မယ်လို့ ထင်တာပဲ။ အားလုံးလည်း စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ရပ်ကွက်တွေမှာ လူစာရင်းကောက်ယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ပြည်သူ့စစ်မှုထမ်းစနစ်ကို သင်္ကြန်အပြီးမှာ စတင်မယ်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောကြားထားသလို လူစာရင်းကောက်ယူမှုတွေလည်း ခပ်စိတ်စိတ် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အမျိုးသမီး၊ အသက် ၁၈ ကနေ ၃၅ နှစ်အထိ အမျိုးသားတွေ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အမျိုးသမီးတွေကိုတော့ စစ်မှုထမ်းခိုင်းမှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ မဲစာရင်းကို အကြောင်းပြပြီး ရပ်ကွက်နေပြည်သူတွေကို စမတ်ကတ်တွေလုပ်ခိုင်းကာ ကိုယ်ရေးအချက်အလက်တွေယူထားပြီး လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ ရပ်ကွက်အဝင်အထွက်တွေကို စီစီတီဗွီတွေကနေ စောင့်ကြည့် နေတာလည်း ရှိပါတယ်။