Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ ပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ဟု NUG ပြော 
DVB
·
March 8, 2024
Mann-Win-Khaing-Than

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်တဲ့အကြောင်းနဲ့ ၃ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ အရွယ်ရောက်ပြီး အမျိုးသမီး ၁,၁၃၄ ယောက်၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အယောက် ၂၈၀ နဲ့ အသက် ၁၈ နှစ်အောက် ၂၁၅ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောလိုက်ပါတယ်။

မတ် ၈ ရက် ဒီကနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေး ၃ နှစ်ကျော် ကာလတွေအတွင်း ဖမ်းဆီးချုပ်နှောင် အကျဥ်းချခံရတဲ့ အမျိုးသမီး အရေအတွက်ကလည်း အရွယ်ရောက်ပြီး အမျိုးသမီး ၅,၃၃၉ ယောက်၊ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ၁,၁၁၈ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ၁၁၄ ယောက် ရှိနေတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးချနေတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာဖြစ်သလို လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်၊ နည်းပညာ အရင်းအမြစ်နဲ့ လူသားအရင်းအမြစ်တွေလည်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

NUG အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စီမံကိန်းချ လုပ်ဆောင်နေသလို နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း မြန်မာပြည်သူတွေ လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားတာပါ။

ရန်ကုန်မြို့က သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ သံရုံးအကြီးအကဲတွေကလည်း နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း ဖော်ပြပါတယ်။

အဆိုပါ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးနေကြရက်နဲ့တောင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီတရပ် ထူထောင်နိုင်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်ဦးဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။

သူတို့ရဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေကတဆင့် သူတို့က အားလုံးပါဝင်တဲ့၊ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီအနာဂတ် ရရှိစေဖို့ ကြိုးပမ်းခြင်းရဲ့ အရေးပါမှုကို အားလုံးကို ပြသနေတာလို့လည်း ဆိုပါတယ်။

နောက်ခံအခြေအနေ အမျိုးမျိုး၊ စွမ်းဆောင်ရည် အမျိုးမျိုး ရှိကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းက‌လေးငယ်တွေ အားလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်သင့်ကြောင်းနဲ့ ကျား၊ မ တန်းတူညီရေးကို မြှင့်တင်ဖို့နဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ ချမှတ်ထားတဲ့ သန္နိဋ္ဌာန်တွေ ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရှိနေတယ်လို့လည်း သံရုံးပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့တွေက အခမ်းအနားတွေ ကျင်းပနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024