ပင်လယ်ရေကြောင်းကနေ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ အမေရိကန်စစ်တပ်က ဂါဇာကမ်းမြောင်မှာ ယာယီဆိပ်ကမ်း ဆောက်သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပါတယ်။
ယာယီဆိပ်ကမ်းကြောင့် နေ့စဉ် ထရပ်ကားရာချီ ထပ်တိုးပေးပို့တာနဲ့ တူညီတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပါလက်စတိုင်းသားတွေအတွက် တိုးမြှင့်ပေးအပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်မှာ ဂါဇာမြေပေါ် အမေရိကန်စစ်သည်တွေ ဝင်ရောက်တာမျိုး ပါဝင်မှာ မဟုတ်ဘူးလို့ သမ္မတက ဆိုပါတယ်။
ဂါဇာလူဦးရေ လေးပုံတပုံဟာ အငတ်ဘေးဆိုက်တော့မယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။
သမ္မတဘိုင်ဒင်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားချိန်မှာ ဒီကိစ္စကို တရားဝင် ကြေညာသွားတာ ဖြစ်ပါတယ်။
ဆိပ်ကမ်းကို အမေရိကန်စစ်တပ်က ဆောက်မှာဖြစ်ပြီး သင်္ဘောပေါ်ကပစ္စည်းတွေ ပင်လယ်ကနေ ကမ်းခြေကို သယ်ယူဖို့ ယာယီဆိပ်ခံတံတား ပါဝင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ကုန်းပေါ်ကို အမေရိကန်စစ်တပ် ခြေမချဘူးဆိုတဲ့အတွက် ဘယ်သူက လမ်းကြောင်းဆောက်မယ်၊ ပေးဝေရေးကို ဘယ်သူလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source/Photo-Reuters