နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ မတ် ၇ ရက်က သေနတ်သမားတွေဟာ ကျောင်းသားတွေကို ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေနဲ့ ပျောက်ဆုံးကလေးငယ်တွေရဲ့ မိဘတွေက ပြောကြားခဲ့ပါတယ်။
ဒေသဆိုင်ရာ ပညာရေးနယ်မြေ မူလတန်းကျောင်းရဲ့ ကျောင်းအုပ် ဆာနီ အဗ္ဗဒူလာက “ကူရီဂါမြို့ အစိုးရအလယ်တန်းကျောင်းက ကျောင်းသား ၁၈၇ ဦးလောက် ပျောက်ဆုံးနေပြီး မူလတန်းကျောင်းက ကျောင်းသား ၁၂၅ ဦးလောက်လည်း ပျောက်ဆုံးခဲ့တယ်” လို့ ပြောပါတယ်။
အခုစကားပြောနေတုန်းအချိန်မှာ ၂၅ ယောက်ကတော့ ပြန်လာပြီလို့လည်း ဆိုပါတယ်။ သေနတ်သမားတွေဟာ ကျောင်းကို ရောက်ရှိလာချိန်မှာ ကြိုးကြားကြိုးကြား ပစ်ခတ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ တပည့်တွေကို ပြန်ပေးဆွဲသွားကာ ချုံပုတ်ထဲ ပျောက်ကွယ်သွားခဲ့ကြောင်း မိဘတွေက ပြောပါတယ်။
ကူရီဂါရွာသူကြီး အီလ်ယာဆူ မိုဟာမဒ်က “ဒီသေနတ်သမားတွေက ငါတို့ကလေးတွေကို ဘယ်လိုများ သယ်ထုတ်သွားတာလဲ၊ လူတွေအကုန် စိတ်မချမ်းသာရပါဘူး” လို့ ပြောပါတယ်။
ကဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး အူဘာ ဆာနီ ကလည်း သူ့ရဲ့ဦးဆောင်မှုအောက်မှာ ကလေးတိုင်း ပြန်လာနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။
ကူရီဂါမြို့ရှိ ဒေသန္တရအစိုးရ ပညာရေးကျောင်းမှာ မနက်ပိုင်း အစည်းအဝေးပြီးချိန်လေးမှာ ဖြစ်ပွားခဲ့တဲ့ ဒီပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး ကဒူနာ ပြည်နယ်ရဲတပ်ဖွဲ့က ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
ဒါဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကတည်းက ကျောင်းတကျောင်းကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး ပြန်ပေးဆွဲမှုလို့လည်း ဆိုပါတယ်။
Source/Photo-Reuters