Home
မြန်မာသတင်း
စစ်ကောင်စီတပ်သားများက ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ပြီး ဟိုပုံးမြို့နယ်၌ စစ်ကြောင်းထိုး
DVB
·
March 8, 2024
HoPone_26022024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပအိုဝ်းအမျိုးသားဝတ်စုံကို ဝတ်ဆင်ပြီး စစ်ကြောင်းထိုး ရှေ့တန်းတက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (PNLA) က မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်‌ေမြာက်ရေးတပ်မတော် (PNLA) သိမ်းပိုက်ထားတဲ့ လွယ်ဝိုးတုတ် ကျေးရွာအနီး တပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

 PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီကမ္ဘာမှာ ဘယ်စစ်တပ်မှ အမျိုးသားဝတ်စုံဝတ်ပြီး စစ်မတိုက်ဘူး။ ခုက ပအိုဝ်းအမျိုးသားဝတ်စုံကို ဝတ်ပြီးတော့ ပအိုဝ်းဒေသကို ပြန်လည်ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တယ်ဆိုတာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ ပြီးတော့ လူမျိုးတမျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးနေတာဖြစ်တယ်။ ဒါက အင်မတန်မှ ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မဲနယ်တောင်ဒေသ ရွာသားတွေရဲ့ ကားတွေကို ချောဆွဲပြီး စစ်မြေပြင်အထိ ခေါ်သွားတာကြောင့် ဒေသခံတွေ မိမိလုံခြုံရေးကို အထူးစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

မဲနယ်တောင် ဒေသခံတဦးက “အရပ်သားပြည်သူကို စစ်မြေပြင်ကို ခေါ်သွားတာဟာ ဒါ လုံးဝမလုပ်သင့်ဘူး။ ဓားစာခံ ခေါ်သွားတာ အသုံးချချင်လို့ ခေါ်သွားတာ။ အဲဒါ ဒေသခံကလည်း သူတို့စကားကို မလွန်ဆန်နိုင်တော့ ကြောက်ကြောက်နဲ့ လိုက်ရတယ်။ စစ်ကောင်စီကားဆို သူများ တိုက်ခိုက်တာတွေရှိတော့ ကိုယ် သူတို့နဲ့ လိုက်သွားတဲ့အချိန် တိုက်ခိုက်ခံရမလား စတဲ့ စိုးရိမ်စိတ်ရှိပြီး ကိုယ့်ရဲ့အသက်အန္တရာယ်ကိုလည်း အထူးစိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်ကလည်း ပအိုဝ်းဒေသအတွင်း လူငယ်လူရွယ်တွေကို PNA က ပြည်သူ့စစ်အဖြစ် စုဆောင်းပြီး ပအိုဝ်းရိုးရာဝတ်စုံဖြစ်တဲ့ အပေါ်အင်္ကျီ အဖြူနဲ့ ဘောင်းဘီ အနက်ပြာရောင်ကို ဝတ်ဆင်စေပြီး သေနတ်ထမ်း၊ စစ်ရေးပြ၊ ဘယ်ညာလျှောက်တာ လုပ်ခိုင်းပြီး အဲဒီဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာကြောင့် ပအိုဝ်းလူမျိုးတွေအကြား ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013