ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော်တက္ကသိုလ်မှာ တက်ရောက်သင်ကြားနေတဲ့ ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားနဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ညတွင်းချင်း ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်တက္ကသိုလ်ကို စစ်ကောင်စီတပ်က မတ် ၇ ရက် ညပိုင်းက ဝင်ရောက်စီးနင်းပြီး တက္ကသိုလ်အတွင်း နေထိုင်ကြတဲ့ ဆရာ ဆရာမတွေကို ပြောင်းရွှေ့ခိုင်းကာ စစ်ကောင်စီတပ်က နေရာယူထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “ည ၈ နာရီ ပတ်ဝန်းကျင်လောက် စစ်တပ်က ရောက်လာတယ်။ အထဲမှာ နေထိုင်ကြတဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေကို နှင်ထုတ်တယ်။ တချို့တွေက ဆိုင်ကယ်တွေနဲ့ ပြောင်းရွှေ့တယ်။ တချို့ကိုတော့ စစ်ကားနဲ့ခေါ်သွားတယ်။ ဗန်းမော်တက္ကသိုလ်မှာ စစ်တပ်က အထိုင်ချထားပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲနေထိုင်ဖို့ နှင်ထုတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဆရာမတွေကို နည်းပညာ တက္ကသိုလ်မှာ ရွှေ့ပြောင်းနေရာချပေးထားပြီး စစ်ကောင်စီတပ်က တက္ကသိုလ် အပါအဝင် မြို့တွင်း မြို့ပြင် နေရာအတော်များများမှာ တပ်ဖြန့်ထားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့ စစ်ရေးတင်းမာနေပြီး မတ် ၇ ရက် မနက်ပိုင်းက ဗန်းမော်လေဆိပ် လျှော့တိုက်ဒုံးနဲ့ အပစ်ခံရတဲ့အတွက် လေယာဉ်ပြေးလမ်း ထိခိုက်ပျက်စီးသွားပြီး လေယာဉ်ကွင်းသွားရာလမ်းတွေ ပိတ်ဆို့ထားကြောင်း သိရပါတယ်။