Home
မြန်မာသတင်း
ARSA အဖွဲ့က သေနတ်ပစ်ခတ်သဖြင့် မောင်တောဒေသခံ ၂ ဦး သေဆုံး 
DVB
·
March 8, 2024
att 832024

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ကြိမ်းချောင်း- တောင်ပြိုကားလမ်းမပေါ်မှာ မတ်လ ၇ ရက်  ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ ဒေသခံအမျိုးသားတဦးနဲ့ အမျိုသမီးတဦးတို့ကို  ARSA  ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကနေ သေနတ်နဲ့ပစ်ခတ်လို့ နေရာတွင်ပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ဒေသခံနှစ်ဦးဟာ တောင်ပြိုလက်ဝဲမြို့က ဦးမောင်ဘု (၂၈) နှစ်နဲ့ ဒေါ်သူဇာသန်း (၃၀) နှစ်တို့ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ ကြိမ်ချောင်း တောင်ပြိုကားလမ်းမအတိုင်း ဇီးပင်ချောင်းကျေးရွာကနေ တောင်ပြိုမြို့ထဲကို သဲချောင်းလမ်းအတိုင်း အိမ်ကားတစီးနဲ့ ပြန်လာတဲ့လမ်းမှာ ARSA အဖွဲ့ကနေ သေနတ်နဲ့ ပစ်ခတ်လိုက်တာလို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ဒီနားပတ်ဝန်းကျင်က ARSA အဖွဲ့ကနေ ပစ်သွားတာလို့သိရတယ်။ သေနတ်နဲ့ ဘယ်နှစ်ချက်လောက်မသိပစ်သွားတယ်။ သေတဲ့လူမှာ ဓားခုတ်ရာတွေလည်း ပါတယ်။ သူတို့စီးလာတဲ့ အိမ်ကားအဖြူကလည်း အကုန်ပျက်စီးကုန်တယ်။ အလောင်းတွေကိုတော့ မသင်္ဂြိုဟ်ရသေးဘူး။ ဒီနားတဝိုက်မှာ ဓားပြတိုက်ခံရတာတွေရော ခဏခဏကြုံရတယ်” လို့ ပြောပါတယ်။

ARSA အဖွဲ့ဟာ နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့တွေမှာ အဓိကလှုပ်ရှားနေပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းကလည်း  ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်လို့  ရက္ခိုင့်တပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့ပါတယ်။

တောင်ပြိုလက်ဝဲမြို့ဟာ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ သိမ်းပိုက်ထိန်းချုပ်ထားရာ နယ်မြေဖြစ်ပြီး အခုလို ဒေသခံ ၂ ဦးပစ်သတ်ခံရတဲ့ကိစ္စ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာနဲ့အတူ ဒေသခံတွေရဲ့ လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရပြီး  စစ်ကောင်စီဘက်ကလည်း  လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအသွင်သဏ္ဍာန် ဖန်တီးတဲ့ လုပ်ရပ်တွေ  ပိုတိုးလာနေပါတယ်။

ရခိုင်မှာ လူမျိုးရေး၊ ဘာသာရေးသဟဇာတဖြစ်ရေးအတွက် လုပ်ဆောင်နေတဲ့ မွတ်ဆလင် လူငယ်တဦးက "ARSA ဆိုတာကလည်း စစ်ကောင်စီရဲ့ ထောက်ပံ့မှု ကင်းတဲ့အဖွဲ့မှမဟုတ်တာ။ ARSA ကနေတဆင့် ဒေသခံတွေကို သတ်ဖြတ်ခိုင်း၊ လုပ်ကြံခိုင်းပြီးတော့ ပဋိပက္ခတွေ ဖန်တီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တိုင်းကို ကျနော်တို့ သတိရထားရမယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဟာ တောင်ပြို လက်ဝဲလက်ဝဲယာမြို့တွေကို အေအေက မသိမ်းခင်ကတည်းက  ARSAနဲ့ ARA (Arakan Rohingya Army) လက်နက်ကိုင်တပ်ဖွဲ့တွေကို မူးယစ်ဆေးအပါအဝင်၊ စစ်လက်နက်တွေပါ ရောင်းချခဲ့တယ်လို့ အေအေက  ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေအပါအဝင်၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုပါ စစ်သင်တန်း အဓမ္မတက်ခိုင်းတာ၊ စစ်မှုထမ်းခိုင်းတာ လုပ်နေတဲ့အပြင် အရင်က ဖြစ်ခဲ့ဖူးတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို အသုံးချပြီးတော့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား  လူမျိူးရေးပဋိပက္ခဖြစ်အောင် ဖန်းတီးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူမျိုးရေးဘာသာရေး၊ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှုတွေအပေါ် ကန့်ကွတ်ရှုတ်ချကြဖို့နဲ့ ဒေသတွင်းလူမျိုးပေါင်းစုံ အတူယှဥ်တွဲနေထိုင်ရေးနဲ့ သဟဇာတဖြစ်ရေးကိုသာ ရခိုင်ပြည်တွင်းမှာ အဓိကလုပ်ဆောင်သွားမယ်လို့ အေအေက  ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013