Home
မြန်မာသတင်း
ဒေါပုံတွင် YBS ဘတ်စ်ကား မီးလောင်၊ ခရီးသည် ၅ ဦးဒဏ်ရာရ
DVB
·
March 8, 2024
ybs 832024

ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတား (ဂျပန်တံတား) အဆင်းမှာ မတ်လ ၈ ရက် နေ့လယ် ၁၁ နာရီ ၅၅ မိနစ်လောက်က YBS ၁၃၄ ယာဉ်လိုင်းက မီနီဘတ်စ်ကားတစီး တိမ်းမှောက် မီးလောင်ခဲ့ပြီး ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မျက်မြင်တွေ့ရှိသူ‌တွေရဲ့ ပြောပြချက်အရ YBS ဘတ်စ်ကားဟာ လမ်းပြောင်းပြန်မောင်းလာတဲ့ အိမ်စီးကားတစီးကို တိမ်းရှောင်ရင်းကနေ တုံးလုံးလဲမီးလောင်သွားခဲ့တာလို့ သိရပါတယ်။

YBS ၁၃၄ ဟာ ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက် ဂိတ်ကနေ လသာမြို့နယ်အထိ ပြေးဆွဲနေတဲ့ မီနီဘတ်စ်ယာဉ်လိုင်းဖြစ်ပြီး ယာဉ်မီးလောင်မှုအတွင်း အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦးမှာ ပွန်းပဲ့ပြတ်ရှမစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ YBS က ဒဂုံဆိပ်ကမ်းကနေ လိုင်းဆွဲတဲ့ကား၊ YBS ၁၃၄  ပါ။ လူနာကကျား ၁ ဦး၊ မ ၄ ဦး အစိမ်းရောင်အဆင့်တွေပါ”လို့ ဆိုပါတယ်။

မီးလောင်မှုနေရာကို ဒေါပုံမြို့နယ်မီးသတ်က မီးသတ်ယာဉ် တစီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်က မီးသတ်ယာဉ် တစီးနဲ့ အရပ်ဖက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြတာကြောင့် နေ့လယ် ၁၂ နာရီ ၁ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013