ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး သားအမိ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၇ ရက် မနက် ၁၁ နာရီဝန်းကျင်က မြို့မရပ်ကွက်နဲ့ စကောလမ်းရပ်ကွက်ကြားက ချောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ချောင်းမှာရေချိုးနေတဲ့ ၃ နှစ်အရွယ် ကလေးနဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တီးတိန်မြို့ခံတဦးက “ဗုံးက PDF က ထောင်တာလား၊ စကစဘက်က ထောင်တာလား မသိရဘူး။ ပေါက်ကွဲမှုဖြစ်တော့ ချောင်းမှာရေချိုးနေတဲ့ သားအမိ ထိသွားတာ။ အမေဖြစ်သူကတော့ ခေါင်းထိသွားတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ သားအမိဟာ တီးတိန်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဗုံးပေါက်ကွဲတဲ့ နေရာတဝိုက်ကိုလည်း စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။