ယူကရိန်းစစ်တပ် အကြီးအကဲဟောင်း ဗာလရီ ဇာလွတ်ရှ်ညီကို ဗြိတိန်သံအမတ်အဖြစ် ခန့်အပ်ဖို့ အတည်ပြုခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ်လ ၇ ရက် ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးက“ဗိုလ်ချုပ်ကြီး ဗာလရီ ဇာလွတ်ရှ်ညီက သံတမန်လမ်းကြောင်းကို လိုက်လျှောက်မယ်လို့ အထူးသဖြင့် သူ့ကို ပြောခဲ့တယ်” လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုချက်ပေးဖို့ သက်ဆိုင်ရာ တောင်းဆိုချက်ကို ထပ်ဆင့်ပေးပို့ခဲ့ပြီးကြောင်းနဲ့ ဗြိတိန်နဲ့ မဟာမိတ်ဖွဲ့ပြီး ပိုမိုအားကောင်းလာစေဖို့ စီစဉ်ထားပါတယ်လို့လည်း ဆိုပါတယ်။
ဇာလွတ်ရှ်ညီကို ရုရှားရဲ့ အပြည့်အဝ ကျူးကျော်စစ်တလျှောက်လုံး ယူကရိန်းစစ်ပွဲကို ကြီးကြပ်ခဲ့တဲ့ အမျိုးသားသူရဲကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့လက ဇာလွတ်ရှ်ညီရဲ့နေရာမှာ မြေပြင်တပ်ဖွဲ့မှူး အိုလက်ဆန်ဒါ ဆာဆကီကို အစားထိုးခဲ့ပါတယ်။
ကြာသပတေးနေ့က ဇလန်းစကီးဟာ ကိယက်ဗ်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ထ် ရှက်ပ်စ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် အထောက်အပံ့တွေ ပေးအပ်ပြီး ရုရှားရဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့ အတူတကွ လုပ်ဆောင်နေရာမှာ ဗြိတိန်ရဲ့ “မြင်သာထင်သာ ခေါင်းဆောင်မှု” အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ရန်လိုမှုကို တိုက်ဖျက်ဖို့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပြီး ဦးစားပေးကဏ္ဍတွေမှာ လေကြောင်းရန်ကာကွယ်ရေး၊ တာဝေးပစ်လက်နက်တွေ၊ အမြောက်တေွ စတဲ့ လက်နက်တွေ ပူးတွဲထုတ်လုပ်ခြင်းနဲ့ ထောက်ပံ့ရေးကို မြှင့်တင်ရေး အပြင် ဒီစစ်ပွဲမှာ တရားမျှတမှုက အရေးကြီးပြီး သူတို့ရဲ့ အကြမ်းဖက်မှုအတွက် ရုရှား လူသတ်သမားတိုင်းနဲ့ ရုရှားနိုင်ငံကို တာဝန်ခံစေခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူညီချက်ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ဇလန်းစကီးက ပြောသွားပါတယ်။
Source/Photo-Reuters