စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ ရှိတယ်ဗျ။ ၃ လပိုင်း ၂ ရက်နေ့ကနေ ပြန်ဖြစ်တယ်။ သစ်ဖုလတောင်ကုန်းမှာရှိတဲ့ စကစ ကျောက်တန်းရွာကို ဆင်းပြီးတော့မှ ငါးကြီးအိုင်ကို မီးရှို့တယ်။ မီးရှို့ပြီးတော့မှ ကျောက်တန်းကို ထပ်ပြီးမီးရှို့တယ်။ မီးရှို့ပြီးတော့မှ ခံသာရွာဘက် တိုးဖို့လုပ်တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတယ်ပေါ့” လို့ ပြောပါတယ်။
ကောလင်းမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာခဲ့ပြီး သုံးလနီးပါးကြာချိန်မှာ ပြန်လက်လွှတ်ခဲ့ရတာပါ။
ကောလင်းမြို့အနီး တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးမှာ ကုန်တင်ကား ထောင်နဲ့ချီ ပိတ်မိနေခဲ့ပြီး မတ်လ ၇ ရက်နေ့မှာတော့ လမ်းပြန်ပွင့်သွားခဲ့ပါတယ်။
“လက်ရှိ ကောလင်းမြို့တမြို့လုံးမှာ စစ်ရှောင်က နှစ်သောင်းနီးနီးလောက် ရှိနေတယ်ပေါ့။ အရှေ့ဘက် ခံသာနဲ့ ကျောက်တန်းကြားမှာဖြစ်တဲ့ တိုက်ပွဲကြောင့် အနီးနားကရွာတွေ အားလုံး ရှောင်ရတာ စစ်ရှောင်အရေအတွက်က ရှစ်ထောင်ကျော်ကျော်လောက် ရှိတယ်။ ပြီးတော့မှ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီး ကျောက်တန်းမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ဖြတ်လို့မရလို့ လမ်းပိတ်တဲ့အတွက် စစ်ရှောင်က ခရီးသည်တွေရော ပါလာတယ်ပေါ့။ အားလုံးပေါင်း တသောင်းကျော်မယ်ဗျ။ ဒီနေ့မနက်မှာတော့ ပြန်ပွင့်သွားတယ်။ လောလောဆယ်တော့ ကားတွေဖြတ်နေတယ်လို့ သိရတယ်ဗျ။ ကောလင်းမြို့က စစ်ရှောင်တွေနဲ့ပတ်သက်လို့ တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ ကောလင်းမြို့နယ် လူသားစာနာအဖွဲ့တို့ရဲ့ ပူးပေါင်းပြီးတော့မှ ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်ပေါ့နော်။ သို့သော် စစ်ရှောင်အင်အားက ထင်တာထက်ပိုပြီး မြင့်တက်လာတဲ့အတွက်ကြောင့် သူတို့မှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ တချို့ကြတော့ သွားစရာ အသိမိတ်ဆွေကလည်းမရှိ၊ မြို့ထဲလည်း ပြန်ဝင်ရမှာ အိမ်မရှိတော့ဆိုတော့ ဒီအခက်အခဲတွေနဲ့ ကျနော်တို့ကောလင်းမှာ ရင်ဆိုင်နေရတယ်ပေါ့နော်” လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့မှာလည်း စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက မတ်လ ၂ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ၊ မိသားစုတွေနဲ့ Non CDM ဝန်ထမ်းတွေ ရာနဲ့ချီပြီး ပိတ်မိနေခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့မှာ ကနီမြို့အနီးဝန်းကျင်က ကင်းရွာအနီး၊ တောင်ကိုးလုံးရွာနဲ့ မိချောင်းတွင်းရွာတို့ အပါအဝင် PDF တွေ ခိုအောင်းနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့မှာတော့ ကနီမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို ပြန်ကယ်ထုတ်ဖို့ ပုလဲနယ် အင်ပင်ထီးပျူရွာက အင်အားတွေကို လေကြောင်းအသုံးပြုပြီး ကနီမြို့ အနောက်ဘက်ခြမ်း ရပ်ကွက် ၃ ကို ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီနယ်၊ မိချောင်းတွင်းရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ စောင့်ကြည့်ရေးဒရုန်း ၄-၅ ပတ်လောက်ဝဲပြီးတဲ့ အခါကြတော့ တိုက်လေယာဉ်နဲ့ ပစ်သွားတယ်။ တိုက်လေယာဉ်ပျံသန်းမှု အမြင့်ပမာဏက ဝါး ၂ ရိုက်သာသာကပါပဲဗျ။ ကျနော်တို့ခေါင်းပေါ်ကနေပဲ ဖြတ်သွားပါတယ်။ မိချောင်းတွင်းရွာအနောက်ဘက် ပစ်သွားတဲ့ ဗုံးသီးက ပေါင် ၃၀၀ ဗုံးနဲ့ ချသွားတယ်။ ရော့ကတ် ၂ လုံး ပစ်သွားတယ်။ နောက်ပြီးတော့ ဆုံလည်မော်တာနဲ့ ပစ်သွားပါတယ်ဗျ” လို့ ပြောပါတယ်။
ကနီနယ်မှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးဒဏ်ရာရတဲ့ ပြည်သူတွေ ရှိခဲ့ပေမဲ့ အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ကနီမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းဟာလည်း လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘဲ တိုက်ပွဲဝင်နေဆဲ အခြေအနေမှာပဲ ရှိသေးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သုတချမ်းသာ