ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ အသက် ၂၈ နှစ်ရွယ် ရှမ်းတိုင်းရင်းသားလူငယ် စိုင်းကောင်ခမ်းဟာ စက်ဘီးတစီးနဲ့ အရှေ့တောင်အာရှ ဒေသက ၄ နိုင်ငံကို ခရီးလှည့်လည် ခဲ့ပါတယ်။
သူဟာ ရက်ပေါင်း ၁၀၀ အတွင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စတဲ့ ၄ နိုင်ငံဆီ ကီလိုမီတာပေါင်း ၆၀၀၀ အထိ စက်ဘီးစီးမယ်လို့ ရည်မှန်းထားပေမဲ့ တကယ်တမ်းမှာတော့ မှန်းထားတာထက် ကီလိုမီတာ ၁၀၀၀ ပိုနင်းခဲ့ပြီး ကီလိုမီတာ ၇၀၀၀ ထိစီးနင်းခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်ခရီးစထွက်ခဲ့တာကတော့ မနှစ် ၂၀၂၃ နိုဝင်ဘာ ၉ ရက်မှာပါ၊ ရက်ပေါင်း ၁၀၀ မှာ ကီလိုမီတာ ၆၀၀၀ နင်းမယ်လို့ ရည်မှန်းထားပေမဲ့ တကယ်သွားလိုက်တော့ ၄ လလောက်ကြာ သွားတယ်၊ မနက်ဖန် မတ်လ ၉ ရက်နေ့ဆို ၄ လပြည့်ပြီလေ၊ ကီလိုမီတာပေါင်း ၇၀၀၀ လောက် နင်းခဲ့တယ်၊ ကျန်းမာရေးက ကောင်းကောင်းမွန်မွန်ရှိပါတယ်ခင်ဗျ။”
သူဟာ စက်ဘီးစီးခြင်းကို ငယ်စဉ်ကတည်းက ဝါသနာပါကြောင်း၊ ဇာတိမှာ ရှမ်းပြည် မြောက်ပိုင်းသီပေါမြို့ကဖြစ်ပြီး ပြည်တွင်းမှာရှိစဉ် သီပေါကနေ မိုးတေချောင်းထိ အသွားအပြန် ၁၅ မိုင်ကို နေ့စဉ်စက်ဘီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
စက်ဘီးနဲ့ ကမ္ဘာကိုပတ်ချင်တဲ့ဆန္ဒ အရင်ကတည်းကရှိခဲ့ပြီး ဒီနှစ်မှာတော့ လယောင်းကနေ တာ့ခ်ခရိုင်မဲဆောက်ထိပဲ နင်းမယ်လို့ ရည်ရွယ်တယ်၊ လမ်းမှာ စက်ဘီးနင်းရင်း လိုက်ဖ်လွှင့်တာ၊ လူမှုကွန်ရက်ပေါ်မှာတင်လိုက်တော့ ထောက်ပံ့ကူညီသူတွေပေါ်လာပြီး တခြားနိုင်ငံထိ နင်းသွားဖို့ ဖြစ်လာရတာလို့ ပြောပါတယ်။
“ကျနော်ထိုင်းနိုင်ငံထဲမှာ စက်ဘီးနဲ့ ပတ်နေတာမြင်တော့ အသိမိတ်ဆွေတွေရော၊ မသိတဲ့လူတွေပါအားပေးထောက်ပံ့ကြတယ်။ လမ်းမှာ အသုံးစရိတ်အတွက် ဘတ်ငွေ ၁၀၀ ၊ ၂၀၀ ၊ ၅၀၀၊ ၁၀၀၀ အဲလိုလွှဲပေးကြတယ်။ အားလုံးကိုကျေးဇူးတင်တယ်လို့ ဒီကနေပြောချင်ပါတယ်။ ထောက်ပံ့တဲ့ထဲ ချင်းမိုင်က သူငယ်ချင်းတွေပါတယ်။ သူတို့က သူတို့ဆီလည်းလာခဲ့ပါဆိုလို့ ချင်းမိုင်ထိရောက်သွားတယ်။ ထိုင်းနိုင်ငံက အမြင့်ဆုံးတောင်ထိပ် ဒွိုင်အင်းထနွန်းထိလည်း တက်ခဲ့ပါတယ်။”
အဲဒီနောက် ချင်းမိုင် - မယ်ဟောင်ဆောင် - ချင်းရိုင်းထိ စီးနင်းခဲ့ပြီး ချင်းရိုင်းရွှေတြိဂံဒေသ ကနေ လာအိုနိုင်ငံထဲရောက်သွားတယ်၊ လာအိုကနေ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ထိရောက် သွားတယ်၊ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားတိုက်ရိုက်သွားလို့မရတော့ လာအိုပြန်ဝင်၊ တောင် ဘက်ကိုဆင်းလာပြီး ကမ္ဘောဒီးယားနိုင်ငံထဲဝင်ရောက်၊ ကမ္ဘောဒီးယားကနေ ထိုင်းကို စက်ဘီးနဲ့ပြန်ဝင်မယ်ဆိုပေမဲ့ ထိုင်းလဝကဘက်က ခွင့်မပြုတာကြောင့် မတ်လ ၈ ရက်မှာ လေယာဉ်နဲ့ ပြန်ဝင်လာဖို့ ပြင်နေပြီလို့ သူကပြောပါတယ်။
စက်ဘီးနဲ့ခရီးသွားခြင်းအားဖြင့် ကောင်းကျိုးတွေရသလို အခက်အခဲစိန်ခေါ်မှုတွေလည်းရှိ ကြောင်း၊ စက်ဘီးနဲ့ ဝင်သွားတော့ ရောက်လေရာမှာ လူတွေက အံ့ဩဝမ်းမြောက်စွာ ကြိုဆို ကြတယ်။ သူ့လိုပဲ စက်ဘီးတစီးနဲ့ ကမ္ဘာပတ်နေတဲ့ ပြင်သစ်၊ ကနေဒါ၊ တရုတ်၊ တူရကီ၊ ဂျာမနီ စတဲ့ နိုင်ငံသားတွေနဲ့လည်း မိတ်ဆွေဖြစ်ခဲ့တယ်လို့ပြောပါတယ်။
လမ်းခရီးတလျှောက် ကြုံရာမှာစား ကြုံရာမှာအိပ် အလိုက်အထိုက် နေတတ်တဲ့အကျင့် ကောင်းတွေရခဲ့တယ်၊ အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်၊ အထူးသဖြင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားတဲ့နေရာ ကိုယ်မသိကျွမ်းတဲ့နေရာက သံရုံးတွေကို ခြေတိုအောင်လျှေက်ပြီး လိုက်ရှာခဲ့ရတယ်၊ နိုင်ငံအသီးသီးရဲ့ မတူညီတဲ့ လူနေမှုဓလေ့ထုံးစံတွေသိရှိရတယ်၊ ရောက်တဲ့နေရာ လှိုက်လှဲပျူငှါစွာ တည်းခိုခွင့်ပြုခဲ့တဲ့ ထိုင်းနိုင်ငံကတော့ သူ့အနေနဲ့ နေလို့အကောင်းဆုံးပဲလို့ ရှမ်းလူငယ်က သုံးသပ်သွားပါတယ်။
လူငယ်တွေအနေနဲ့ မိမိအိပ်မက်ကို စိတ်ကူးတွေရှိရင် ချက်ချင်းထလုပ် ချက်ချင်းအကောင်အထည်ဖော်သင့်ကြောင်း၊ မိမိလုပ်ချင်တဲ့အရာ ရောက်ချင်တဲ့ပန်းတိုင်ကို အခက်အခဲတွေကျော်လွှားပြီး ရောက်သွားခဲ့ရတဲ့အရသာဟာ ဘဝမှာအကျေနပ်ဆုံး အပျော်ရွှင်ဆုံးပဲလို့ စိုင်းကောင်ခမ်းက ပြောသွားပါတယ်။
သူ့ရဲ့ နေ့စဉ်စက်ဘီးစီး လှုပ်ရှားမှုတွေကို အောက်ပါလူမှုကွန်ရက်လင့်ခ်တွေကနေ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။