Home
မြန်မာသတင်း
ရန်ကုန်တွင် မှတ်ပုံတင်စမတ်ကတ် ပြုလုပ်သူများကို လဝက ဝန်ထမ်းများက ငွေတောင်းနေ
DVB
·
March 8, 2024
Id 832024

ရန်ကုန်မြို့မှာ မှတ်ပုံတင်စမတ်ကတ် ပြုလုပ်သူတွေကို လဝက ဝန်ထမ်းတွေက သတ်မှတ်ငွေကြေးထက် ပိုပြီး ကောက်ခံနေတယ်လို့ မြို့ခံတွေဆီကနေတဆင့် သိရပါတယ်။

စမတ်ကတ် သွားလုပ်ခဲ့တဲ့ မြို့ခံတဦးက “ပုံမှန်ဆို ဖောင်ဖြည့်တဲ့နေရာမှာပဲ ၁,၅၀၀ လောက် ပေးရတာပါ။ အခုကျ လက်ဗွေယူတဲ့နေရာမှာကော စာရေးတွေကို တယောက် ၂၀,၀၀၀ လောက်ပေးမှ အမြန်ရတယ်။ နောက်မို့ဆို တနေကုန် ရစ်နေတာ မပြီးတော့ဘူး” လို့ ပြောပါတယ်။

မှတ်ပုံတင်တခုတည်း ကိုင်ဆောင်သူတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စမတ်ကတ်လုပ်ဖို့ ဖိအားပေး တိုက်တွန်းတာတွေလည်း ရှိနေတယ်လို့ တာမွေမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ထောက်ခံစာယူတာတို့ ဧည့်စာရင်းတိုင်တဲ့အခါတို့ကျ ကိုယ့်မှတ်ပုံတင်က ဓာတ်ပုံပျက်နေတာတို့ စာသားတွေ မမြင်ရတော့တာတို့ဆိုရင် ရာအိမ်မှူးတွေက စမတ်ကတ် မလုပ်ထားသေးဘူးလား၊ မလုပ်ထားရင် ဖမ်းလို့ရတယ်ဆိုပြီး ဖိအားပေးပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်။”

ပြည်ပသွားရောက်ပြီး အလုပ်လုပ်ကိုင်မယ့်သူတွေ အနေနဲ့လည်း ပြည်ပအလုပ်သမားကတ် (OWIC card) ပြုလုပ်ရာမှာ စမတ်ကတ် လိုအပ်တာကြောင့် အမြန်ရရှိနိုင်ဖို့အတွက် လဝကရုံးက စာရေးတွေဆီ ပိုက်ဆံပေးပြီး လုပ်ရတာတွေ ရှိတယ်လို့ ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် လူငယ်တဦးက ပြောပါတယ်။

“အလုပ်သမားကတ်လုပ်ဖို့က စမတ်ကတ်ရှိမှ လုပ်လို့ရတာ။ ရုံးမှာ ကိုယ်တိုင်သွားလုပ်ရင် ရက်ချိန်းတွေပေးပြီး တခါတည်း တန်းမရဘူး။ ရာအိမ်မှူးဖြစ်ဖြစ် ဆယ်အိမ်မှူးဖြစ်ဖြစ် တယောက်ယောက်ကို ခေါ်သွားပြီး လုပ်မှရတာ။ ပွဲစားတွေတောင် လုပ်ပေးလို့မရဘူး။ ကျနော်ဆို တရက်တည်းနဲ့ ကတ်ရဖို့ တသိန်းခွဲလောက်ထိ ကုန်တယ်။”

ဒါ့အပြင် လက်ရှိ စမတ်ကတ်ထုတ်ပေးတဲ့ ရန်ကုန်မြို့က လဝကရုံးတွေမှာလည်း နေ့စဉ်နီးပါး ဆာဗာကျနေတာကြောင့် ကတ်ထုတ်မယ့်သူတွေအနေနဲ့လည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

“ကျနော်ဆို တောင်ဥက္ကလာရုံးမှာ ကတ်လုပ်ဖို့စောင့်တာ မနက် ၉ နာရီကနေ နေ့ခင်း ၂ နာရီခွဲလောက်ထိ ကြာတယ်။ တနေကုန်စောင့်တာတောင် မရဘူး။ ဆာဗာပြန်ရတဲ့ အချိန်ကျတော့ ရုံးပိတ်ခါနီး ၄ နာရီလောက်မှရတယ်။”

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) က ၂၀၂၃ ခုနှစ် မတ်လကစတင်ပြီး နိုင်ငံသားအားလုံး မှတ်ပုံတင်နည်းတူ စမတ်ကတ်တွေ ပြုလုပ်ခိုင်းပြီး အဲ့ဒီကတ်အချက်အလက်တွေထဲမှာ ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ QR ကုဒ်ကိုပါ ဖြည့်စွက်ကောက်ယူထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013