Home
နိုင်ငံတကာ
ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေ မူကြမ်း ထုတ်ပြန်
DVB
·
March 8, 2024

အမြင့်ဆုံးထောင်ဒဏ်တသက်အထိ ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ် မူကြမ်းကို ဟောင်ကောင်မှာ မတ်လ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းဟာ လှုံ့ဆော်မှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေလို့ ယူဆနိုင်တဲ့ စာတမ်းကို အကျယ်ချဲ့ထားတာလို့ ရှေ့နေတချို့က ပြောဆိုထားတဲ့အပြင် အဲဒီရာဇဝတ်မှုတွေနဲ့ တခြားအမှုပေါင်းများစွာကို ကျူးလွန်တဲ့ ဘယ်သူမဆို ပိုပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေမူကြမ်းမှာ နိုင်ငံတော်ပုန်ကန်မှု၊ သူလျှိုလုပ်မှုနဲ့ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုတွေလည်း လွှမ်းခြုံပါဝင်နေတာဖြစ်ပြီး ဟောင်ကောင်မှာ လွတ်လပ်မှု ထပ်ပြီး လျော့ပါးသွားမှာကို စိုးရိမ်ကြတဲ့ နိုင်ငံခြားသံတမန်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက အနီးကပ် စောင့်ကြည့်နေပါတယ်။

ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်မှာ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကို တရုတ်ဦးဆောင် ဖြိုခွင်းမှုတွေကြောင့် ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြားကို ထောင်ထဲပို့ပစ်တာ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရတာတွေ ကြုံခဲ့ရပါတယ်။

ဒီဥပဒေကြမ်းမှာ နိုင်ငံတော်ပုန်ကန်မှု၊ ဆူပူသောင်းကျန်းမှုနဲ့ လျှို့ဝှက်ကြံစည်မှုတို့အတွက် ထောင်ဒဏ်တသက်၊ သူလျှိုလုပ်မှုအတွက် ထောင်ဒဏ်အနှစ် ၂၀ နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်၊ ဆူပူလှုံ့ဆော်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ပြစ်မှုတွေအတွက် ထောင် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဒါပေမဲ့လည်း အဲဒီဥပဒေမူကြမ်းမှာ လူ့အခွင့်အရေးကို လေးစားကာကွယ်ဖို့နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းနဲ့ ထုတ်ဝေခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် အပါအဝင် အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးဖို့ စတဲ့ အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တချို့လည်း ပါဝင်ပါတယ်။

ဥပဒေပြုကောင်စီဟာ လုံခြုံရေးတင်းကျပ်တဲ့ကြားမှာပဲ သောကြာနေ့က ဥပဒေကြမ်းကို စတင် အချေအတင် ဆွေးနွေးခဲ့ကြပါတယ်။

ပေကျင်းကို လိုလားတဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင် အများအပြားကတော့ ဒီဥပဒေကြမ်းကို ဧပြီလလယ်မတိုင်မီ ဥပဒေအဖြစ် အတည်ပြုနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုဖို့ လွှတ်တော်အမတ်တွေကို အစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013