စပိန်ရဲတပ်ဖွဲ့ဟာ အင်္ဂလန်အခြေစိုက် အမည်မဖော်သူ လမ်းပေါ်အနုပညာရှင်တဦးဖြစ်တဲ့ ဘန့်စီရဲ့ အနုပညာလက်ရာ အတုတွေကို ထုတ်လုပ်တဲ့ အလုပ်ရုံတရုံကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ဇာရာဂိုဇာမြို့က လူ ၄ ဦးကို စဉ်ဆက်မပြတ် လိမ်လည်မှု၊ ဉာဏပစ္စည်း မူပိုင်ခွင့်ချိုးဖောက်မှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပန်းချီဆရာ ဘန့်စီရဲ့ နာမည်ကြီး ဒီဇိုင်းပုံစံတချို့ကို တုပထားတဲ့ ဂရပ်ဖစ်တီ ဖြတ်စညှပ်စတွေ၊ သူ့ရဲ့ “ဒစ်စ်မာလန်” ပန်းခြံပရောဂျက်ကို ရည်ညွှန်းထားတဲ့ စတစ်ကာတွေအပြင် သက်သေအဖြစ် စုဆောင်းရရှိထားတဲ့ မှုတ်ဆေးဘူးတွေကို ပြသခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဘန့်စီရဲ့ ပန်းချီလက်ရာအတု ၉ ခုကို သိမ်းဆည်းရမိခဲ့ပြီး လိမ်လည်သူတွေဟာ ပန်းချီအတု ၂၅ ခု ရောင်းချထားပြီးကြောင်း ညွှန်ပြနေတဲ့ သက်သေအထောက်အထားတွေကို စုစည်းရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ကတ်ထူပြားပေါ်မှာ မှုတ်ဆေးနဲ့ ဖန်တီးထားတဲ့ ပန်းချီအတုတွေကို အနုပညာပစ္စည်းဆိုင်တွေ၊ ဘာစီလိုနာ လေလံရုံတွေနဲ့ အွန်လိုင်းတို့ကတဆင့် ဖြန့်ဝေခဲ့ကြတာပါ။
တချို့ပန်းချီအတုတွေကို ယူရို ၁,၅၀၀ (ဒေါ်လာ ၁,၆၄၂) နဲ့ ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ရဲ့အထောက်အထားအမှန်ကို ဖုံးကွယ်ထားဆဲဖြစ်တဲ့ လမ်းပေါ်အနုပညာရှင် ပန်းချီဆရာ ဘန့်စီဟာ သူ့ရဲ့ ဉာဏ်ထက်မြက်မှု၊ အစိုးရနဲ့ နိုင်ငံရေးစနစ်တွေရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်ထားတဲ့ လမ်းပေါ်ပန်းချီနဲ့ သူ့လက်ရာတွေအတွက် ဒေါ်လာသန်းပေါင်းများစွာ ရယူနိုင်တာ ဖြစ်ပါတယ်။
Source/Photo-Mossos D'Esquadra via Reuters