ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂ ဦးကို ဘတ်ငွေ ၁ သန်းနဲ့ အတူ မတ်လ ၆ ရက် မနက်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
စိုးထက်နိုင် (အသက် ၂၀) နဲ့ ရန်ဝေဦး (အသက် ၁၇ နှစ်) တို့ဟာ မဲဆောက်မြို့ဘက်ကို ဝင်ရောက်လာစဉ် ထိုင်းစစ်တပ်က မသင်္ကာလို့ စစ်ဆေးရာမှ ထိုင်းဘတ်ငွေ ၁ သန်းနဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ငွေလိမ်ဂိုဏ်း၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးရောင်းဝယ်တာတွေ များတာကြောင့် ထိုင်းစစ်တပ်က နယ်စပ် လုံခြုံရေးတင်းကျပ်ထားစဉ် ဖမ်းဆီးမိခဲ့တာပါ။
ထိုင်းနိုင်ငံအတွင်းကို နိုင်ငံခြားသားတဦးလျှင် ထိုင်းဘတ်ငွေ ၄ သိန်းသာ သယ်ဆောင်ခွင့်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးဆီကနေ ၁ သန်း သိမ်းဆည်းရမိတာကြောင့် လောင်းကစားပြုလုပ်တာ၊ ငွေဖြူငွေမည်း လုပ်တာ ဟုတ်မဟုတ် ထိုင်းတာဝန်ရှိသူတွေက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းမြန်မာ ၂ ဦးကိုတော့ ထိုင်းနိုင်ငံတရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။