ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကို ဧည့်စာရင်း လိုက်လံစစ်ဆေးပြီး အပိုလူတွေ့ရင် ကျပ်ငွေ ၁ သိန်း ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မအူပင်မြို့နယ်မှာ မတ်လ ၅ ရက်ကစတင်ပြီး ဧည့်စာရင်းဝင်စစ်ဆေးတာတွေကို ဆက်တိုက် လုပ်နေပြီး ဧည့်စာရင်းတိုင်ထားပေမဲ့ အပိုလူတွေ့တဲ့အခါ ဖမ်းဆီးလို့ရတယ်လို့ ခြိမ်းခြောက်ပြီး ဓာတ်ပုံရိုက်ကာ ငွေကျပ် ၁ သိန်း အနည်းဆုံး တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့ခံ အမျိုးသမီးတယောက်က “ဒီနိုင်ငံမှာ လူလာဖြစ်ရတာကို စိတ်ကုန်လာတယ်။ ဘာတွေမှန်းကို မသိတော့ဘူး။ လုပ်ချင်တိုင်း လုပ်နေတာ ခံနေရတာပါပဲ။ ဧည့်စာရင်းသွားတိုင်ရင်လည်း ပိုက်ဆံပေးရတယ်။ မတိုင်လို့ မိရင်တော့ ပိုပေးရတယ်။ တိုင်ထားပါတယ် ပြောတော့လည်း သူတို့ ထပ်လာစစ်တဲ့ အဖွဲ့က မသိဘူးလို့ ငြင်းလို့ ထပ်ပေးရတယ်။ ကိုယ့်အိမ်ကိုယ်နေပြီး တရက်လေးမှ အေးအေးချမ်းချမ်း နေရတယ်လို့ကို မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဧည့်စာရင်းစစ်တဲ့အခါမှာ ညပိုင်း ဝင်စစ်ဆေးတာများပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေနဲ့ ပြည်သူ့စစ်တွေ ပါဝင်လာပြီး အရက်သေစာ သောက်စားထားတာကြောင့် စစ်ဆေးတဲ့အခါ ဆဲဆိုကြိမ်းမောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
မအူပင်မြို့ခံ လူကြီးတယောက်က “လာစစ်တော့ မမူးနေတဲ့သူ တယောက်မှမပါဘူး။ တာဝန်ရှိသူတွေဖြစ်လို့ စကားကောင်းကောင်း ပြောမယ်မထင်နဲ့၊ စကားကောင်း တခွန်းမပါဘူး။ ဆဲဆို အော်ဟစ်နေတာ။ သေနတ်တထောင်ထောင်နဲ့ လူမိုက်တောင် သူတို့ထက် ကျက်သရေရှိတယ်။ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သားနဲ့ ချွေးမ အိမ်ပြန်လာတာကို လူအပိုရှိလို့ဆိုပြီး ငွေ ၁ သိန်း ဒဏ်ရိုက်သွားတယ်။ အိမ်သားပါလို့ပြောတာ မရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မအူပင်မြို့နယ်မှာ ဧည့်စာရင်းတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးလာတဲ့အပြင် PDF တွေရဲ့ သတင်းရရင် အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ် ပြောဆိုပေးဖို့၊ PDF တွေ လက်မခံဖို့၊ လက်ခံတာကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးပြီး အရေးယူလို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။