မန္တလေးတိုင်း၊ မန္တလေးမြို့က အောင်မြေသာဇံမြို့နယ်ထဲက ရပ်ကွက်တွေနဲ့ အောင်ပင်လယ်၊ နန်းရှေ့၊ စိန်ပန်း စတဲ့ရပ်ကွက်နေရာတွေမှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစတင်ပြီး စစ်မှုထမ်းဥပဒေအတွက် လူစာရင်းလိုက်စစ်နေတယ်လို့ သိရပါတယ်။
ရဲနဲ့ စစ်သား လုံခြုံရေးယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် လဝက က ရပ်ကွက်တခုကို ဘလောက်အလိုက် လေးဖက်လေးတန် ပိတ်ဆို့ပြီးမှ စာရင်းဝင်ကောက်တာလို့ Mdy Revolution Page တာဝန်ရှိသူက ပြောပါတယ်။
“အချိန်သတ်မှတ်ထားတာမျိုး မရှိသလို သတင်းကြိုရတာမျိုး မရှိပါဘူး၊ စစ်မှုထမ်းဖို့ တရားဝင်ခေါ်စာ ရောက်တာမျိုးလည်း မရှိသေးပါဘူးခင်ဗျ။ ဒါပေမဲ့ ခြိမ်းခြောက်တဲ့ အပြောအဆိုတွေမှာတော့ စစ်မှုမထမ်းမနေရ ဘုန်းကြီးဝတ်ပြီးနေရင်တောင် ၃ နှစ်မပြည့်ရင် လူချွတ်ရမယ်လို့ ပြောပါတယ်”လို့ ဆိုပါတယ်။
မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းသတင်း ထွက်လာပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က ညအချိန် ဖမ်း၊ မနက် ရုံးမှာ ငွေနဲ့ပြန်ရွေးခိုင်းတဲ့ ဖြစ်စဥ်တွေကြောင့် မြို့ပေါ်မှာ ည ၇ နာရီနောက်ပိုင်း အသွားအလာ တော်တော်ပါးသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့ပေါ်မှာ အိုးဝေမောင်းသူတဦးက “ခုဆို ညဘက် အပြင်ထွက်သူ နည်းသွားပြီ၊ ကျနော်တို့ဆိုရင်တောင် ညနေ ၆ နာရီလောက်ဆို ပြန်ပြီ၊ ဒီကောင်တွေနဲ့ ဘယ်နေရာတွေ့ပြီး ပါသွားမလဲ မသိရဘူးဆိုတော့၊ မတွေ့အောင်ဘဲ စောပြန်ရတာပေါ့။ မြို့ပေါ်မှာလည်း ညဘက်ဆို အရင်လို လမ်းပေါ်သွားတာတွေလည်း နည်းသွားတယ်” လို့ ပြောပါတယ်။
မန္တလေးမြို့မှာ ညဘက် ဖမ်းဆီးခံရသူတွေကို စစ်တပ်က တဦးကို ငွေကျပ် ၅ သိန်းအထိ တောင်းခံတာရှိနေပေမယ့် စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်တာတွေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။