မလေးရှားအစိုးရက Calling Visa ကျပြီးဖြစ်တဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားလုပ်သား ခေါ်ယူခွင့်ကို မေလကုန်အထိပဲ ခွင့်ပြုပေးတော့မယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားသားလုပ်သား ခေါ်ယူရေးနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတို့ ဒီလဆန်းမှာ အစည်းအဝေးလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ကို မီဒီယာတွေကတဆင့် အသိပေးလိုက်တာ ဖြစ်ပါတယ်။
မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားလုပ်သား ခေါ်ယူခွင့် ခွင့်ပြုချက် (KSM Approval) ကို ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ရပ်နားထားပေမဲ့ KSM Approval ကျထားပြီး ၁၈ လသက်တမ်း ရှိတာတွေကို Calling Visa ဆက်ချပေးနေတာပါ။
အခု Calling Visa ချပေးတာကို မတ်လ ၃၁ ရက်အထိပဲ ခွင့်ပြုပေးတော့မှာဖြစ်ပြီး ဧပြီ ၁ ရက်ကစလို့ လက်ကျန် KSM Approval တွေကို ပယ်ဖျက်ကာ ဗီဇာရရှိထားတဲ့ အလုပ်သမားတွေကို မေလ ၃၁ ရက် နောက်ဆုံးထား ခေါ်ယူရမယ်ဆိုပြီး သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
မလေးရှားကို အလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “အခု မလေးရှားအစိုးရရဲ့ ညွှန်ကြားချက်အသစ်အရဆိုရင် မြန်မာလုပ်သား စေလွှတ်မှုက အပြီးရပ်နားရတော့မယ့် အခြေအနေ ဖြစ်သွားတယ်” လို့ ပြောပါတယ်။
မြန်မာအေဂျင်စီတွေအနေနဲ့ မလေးရှားအစိုးရက ခွင့်ပြုပြီးသား လက်ကျန်ခေါ်စာ ရရှိသလောက်ပဲ အလုပ်သမားတွေကို စေလွှတ်ပေးနေတာဖြစ်ပြီး ခေါ်စာအသစ် ထပ်ခွင့်ပြုပေးမှာကို စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။
နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တဦးက “ခေါ်စာလက်ကျန်ကလည်း မရှိသလောက် ဖြစ်သွားပြီဆိုတော့ စေလွှတ်မှုတွေက ရပ်သလောက်တော့ ဖြစ်သွားပြီ။ သူ့နိုင်ငံမှာ လုပ်သားလိုအပ်ချက် ရှိရင်တော့ ပြန်ဖွင့်ပေးမှာပေါ့။ အခုအခြေအနေက မပြောတတ်သေးဘူး” လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာလုပ်သားတွေ အများဆုံး သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား သိန်းနဲ့ချီ ရောက်ရှိ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
မလေးရှားအစိုးရက လုပ်သားခေါ်ယူမှု ကန့်သတ်တာတွေကြောင့် စစ်အာဏာသိမ်း ကာလအတွင်း မြန်မာလုပ်သားတချို့ဟာ ထိုင်းနယ်စပ်ကတဆင့် တရားမဝင် သွားရောက်တာတွေ ရှိခဲ့ပြီး မကြာခဏ ဖမ်းဆီးခံရတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။