ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ဘက် ၄ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီးမှာ မတ် ၆ ရက် ညက ဒိုင်နာယာဉ်ကားတစီး ဘရိတ်ပေါက်ပြီး ရေမြောင်းထဲထိုးကျတာကြောင့် ကားပေါ်ပါလာတဲ့ လူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
တောင်နီကနေ ၄ မိုင် ဝက်သတ်ခြံကို ဝက်တွေတင်ဆောင် မောင်းနှင်လာတဲ့ ဒိုင်နာယာဥ် ဘရိတ်ပေါက်ပြီး လမ်းဘေးရေမြောင်းအတွင်းကို ထိုးကျတိမ်းမှောက်ခဲ့ကာ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်လို့ ယာဉ်ထိန်းရဲတဦးက ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “ဝက်ကားမှောက်တာ၊ ကားက အရှိန်အဲ့လောက်တော့ မမြန်ဘူးထင်တာပဲ။ စစ်ဆေးရေးဂိတ်လည်း ရှိတယ်လေ။ ဂိတ်မရောက်ခင်မှာ ကားဘရိတ်ပေါက်သွားတာတဲ့၊ ကျနော်တို့ ဆင်းကြည့်လိုက်သေးတယ်၊ ဝက်ရော လူရော မှောက်ကုန်ပြီ” လို့ ပြောပါတယ်။
ဒိုင်နာကား ထိုးကျတိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ၈ ဦးအနက် ၃ ဦးက အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ လူ ၅ ဦးကတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Eagle White