ရွှေဘို-မြစ်ကြီးနားကားလမ်းကို မတ် ၆ ရက် မနက်မှာ ယာယီပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့ ကောလင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ကျောက်တန်းကျေးရွာမှာ စစ်တပ်က အခြေချပြီး စစ်ကြောင်းတွေ ထိုးနေတာမို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကတည်းက ကားလမ်းတွေ ပိတ်ထားရာကနေ မတ် ၆ ရက်နေ့ မနက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီပြန်ဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒါပေမဲ့ ကျောက်တန်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ကားသမားတွေကို တားဆီးကာ ပိုက်ဆံတောင်းတာ၊ ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်တာတွေလုပ်ဆောင်ခဲ့တာမို့ မနေ့ ညနေပိုင်းမှာ ကားလမ်းတွေ ပြန်ပိတ်ခဲ့ရသေးတယ်လို့ သိရပါတယ်။
"အခုပဲပြန်ဖွင့်ဖို့ အမိန့်ကျတာလာကြောင့် ဒီနေ့မနက်ပြန်ဖွင့်နေပါပြီ။ ကားအစီးရေ ထောင်နဲ့ချီပိတ်မိနေတာ။ ထီးချိုင့်၊ အင်းတော်ဘက်မှာ ပိတ်မိနေတဲ့ ကားအရေအတွက် မ ပါသေးဘူး။ ကားသမားနဲ့ ခရီးသည်တွေကို အနီးနားကျေးရွာတွေက အကူအညီနဲ့ ထမင်းထုတ်တွေ လိုက်ဝေနေရတယ်"လို့ ကောလင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်တန်းကျေးရွာကို လက်ရှိ မီးရှို့တာတွေ လုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း ဆိုင်ကယ်နဲ့ ခရီးသွားလာနေတဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတာကြောင့် အဲဒီနေ့ကတည်းက ကားလမ်းတွေ ပိတ်ထားရတာလို့ သိရပါတယ်။