ရခိုင်ပြည်နယ်ထဲက မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေအပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိအချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၃ သိန်းခွဲထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) ဟာလည်း ပြည်နယ်မြို့တော် စစ်တွေမြို့နဲ့ ပိုမိုနီးကပ်စွာ ချဥ်းကပ်လာနေပြီ ဖြစ်သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ပြီးတော့ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးကျည် တိုးမြှင့် ပစ်ခတ်လာနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက အလွတ်သဘော အပစ်အခတ်ရပ်စဲရေး စတင်ပျက်ပြယ်ပြီးချိန်ကတည်းက ဆက်တိုက်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေက ၁၄၉,၀၀၀ နီးပါးထိ ရှိလာခဲ့ကာ နိုင်ငံတဝန်းမှာတော့ လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ UNOCHA က ပြောပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် စစ်ကောင်စီ အခြေစိုက်စခန်းတွေက စစ်ရေးပစ်ခတ်မှုတွေ တိုးမြင့်လာခဲ့တာတွေကြောင့် နေရာ ရွှေ့ပြောင်းနေထိုင်ရမှုတွေ မြင့်တက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း ဆိုးရွားစွာ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေလမ်း၊ ကားလမ်းတွေ ပိတ်ထားတာကြောင့် စားနပ်ရိက္ခာရှားပါးမှုနဲ့ တခြားသော ကုန်စည်ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေသလို မရှိမဖြစ် ကုန်ပစ္စည်းတွေလည်း ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
ဖြစ်ပွားဆဲတိုက်ပွဲတွေ၊ ဘက်ပေါင်းစုံကနေ ချမှတ်ထားတဲ့ စီမံရေးရာကန့်သတ်ချက်တွေ၊ လူမှုကရုဏာလုပ်သားတွေကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေက ဘေးဒဏ်သင့်ပြည်သူတွေ ရှိရာဆီ ဝင်ရောက်ပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဓိက အတားအဆီးတွေအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကတော့ အနည်းဆုံး လူဦးရေ ၃ ဒသမ ၂ သန်းကို အကူအညီတွေ ပံ့ပိုးနိုင်ခဲ့ပေမယ့် ရန်ပုံငွေမပြည့်မီမှုနဲ့ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေကြောင့် နဂိုမူလ စီစဥ်ထားတဲ့အတိုင်း နက်ရှိုင်းပြည့်ဝအောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း UNOCHA က ပြောထားပါတယ်။
အခု ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဥ် (HNRP) အရ လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေး အကူအညီတွေ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပြီး အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။