ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်က လောင်းကစားရုံ တရုံကို မတ် ၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လောင်းကစားသမား တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လောင်းကစားရုံက အမြဲလူစည်တယ်။ လူငယ်၊ လူကြီးတွေ ကားတွေ ဆိုင်ကယ်တွေနဲ့ လာဆော့ကြတာ။ လူစည်ကားတဲ့အချိန် ညနေ ၆ နာရီလောက် စစ်ကား သုံးစီးနဲ့ ရောက်လာပြီး ရှောင်တခင် ဝင်ဖမ်းတာ။ သေနတ်တွေလည်း ပစ်ဖောက်သွားတယ်” လို့ ပြောပါတယ်။
အခုလို စီးနင်းချိန် ထွက်ပြေးလွတ်မြောက်လာသူရှိပေမဲ့ ဖမ်းဆီးခံရသူ ဘယ်နှယောက်ရှိတယ် ဆိုတာတော့ တိတိကျကျ မသိရပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နယ်မှာ ရဲနဲ့ အုပ်ချုပ်ရေးကို လိုင်းကြေးပေးကာ လောင်းကစားရုံတွေ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ပြီး ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ဂလုံးဂလုံးဝိုင်းတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။