ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလကစပြီး ဆုတ်ခွာသွားပေမဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူတွေ နေရပ်ပြန်နေလို့ မရသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
နေအိမ်ပြန်ကြည့်ခဲ့တဲ့ အမျိုးသမီးတဦးက “ပြီးခဲ့တဲ့တပတ်က ကျမတို့ အိမ်ကို ခဏပြန်ကြည့်တာပေါ့နော်။ နေလို့တော့ မရသေးဘူး ပြောတယ်။ အိမ်တချို့လည်း ထိခိုက်ပျက်စီးတာ ရှိတာပေါ့နော်။ ပြန်မနေခိုင်းသေးဘူး၊ မိုင်းတွေရှိမှာစိုးရိမ်လို့ တခုခုဖြစ်မှာ စိုးတယ်ပေါ့နော်။ ပြီးတော့ ၄၂၇ တပ်ကနေလည်း လက်နက်ကြီးထုမှာ ကြောက်ရတယ်။ အဲ့ဒါကြောင့် အိမ်ပြန်ကြည့်ရုံ သန့်ရှင်းရေး လုပ်ရုံလောက်ပဲပေါ့နော့” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ၂၀၂၁ ခုနှစ် ၅ လပိုင်းကစပြီး ထိတွေ့တိုက်ပွဲတွေ အစောဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ဆုတ်ခွာချိန်မှာ နေအိမ်တွေနဲ့ လမ်းတွေပေါ်ကို မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တာတွေ ရှိပေမဲ့ ပြည်သူတွေ ထိခိုက်မိမှာစိုးလို့ နေရပ်ပြန်မနေခိုင်းသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ကနေ ဆုတ်ခွာသွားပေမဲ့ ခမရ ၄၂၇၊ ခလရ ၁၀၂ တပ်တွေကနေ လက်နက်ကြီးနဲ့ထုတာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေက နေရပ်ပြန်မနေကြသေးဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်အတွင်း နေအိမ်ပြန်ကြည့်ရင်း မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတဦး ခြေထောက်တဖက် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။