Home
နိုင်ငံတကာ
ရွေးကောက်ပွဲနေ့တွင် ဆန္ဒပြကြရန် ရုရှားအတိုက်အခံခေါင်းဆောင်၏ဇနီး တောင်းဆို
DVB
·
March 7, 2024
Yulia Navalnaya_07032024

ရုရှားနိုင်ငံမှာ မတ် ၁၇ ရက် ရွေးကောက်ပွဲနေ့ ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်ပေးဖို့နဲ့ သမ္မတ ဗလာဒီမာပူတင်ကို မဲမပေးဖို့၊ ဒါမှမဟုတ် ပယ်မဲဖြစ်အောင် လုပ်ကြဖို့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာလ်နီရဲ့ဇနီး မုဆိုးမ ယူလီယာနာဗာလ်နာယာက ရုရှားနိုင်ငံသားတွေကို တောင်းဆိုလိုက်ပါတယ်။

နာဗာလ်နာယာက “ကျမတို့ဟာ သက်ရှိထင်ရှား ရှိနေပြီးတော့ ပူတင်ကို ဆန့်ကျင်ကြပါမယ်။ မတ်လ ၁၇ ရက် နေ့လယ်အချိန်မှာ မဲရုံကိုလာဖို့ လိုအပ်ပြီး နောက်ဘာလုပ်ရမယ် ဆိုတာကို ရွေးချယ်ဖို့ပါပဲ။ ပူတင်ကလွဲလို့ ဘယ်သမ္မတလောင်းကိုမဆို မဲပေးနိုင်ပြီး မဲစာရွက်မှာ နာဗာလ်နီ ဆိုပြီး စာလုံးကြီးနဲ့ရေးပြီး ပယ်မဲဖြစ်အောင် လုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ ရွေးကောက်ပွဲ မဟုတ်ပဲ၊ ပူတင်ဟာ ကျမတို့အတွက်ရော၊ တကမ္ဘာလုံးအတွက်ပါ တရားဝင်သမ္မတ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့ကျရင် တနိုင်ငံလုံးရှိ မြို့ကြီးတွေမှာ တပြိုင်နက်တည်း အစုလိုက်အပြုံလိုက် ချီတက်ပြီးတော့ ပြည်သူတွေ အဖမ်းဆီးခံရမှာ ကြောက်နေစရာမလိုဘဲ ပြည်သူတွေက ဆန္ဒထုတ်ဖော်ဖို့ စာရင်းသွင်းနိုင်ဖို့ကို ရုရှားရဲ့ ထင်ရှားကျော်ကြားတဲ့ အတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ မသေဆုံးခင်က ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆန္ဒအတိုင်း မတ်လ ၁၇ ရက် လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ နာဗာလ်နာယာက လူတွေကို တောင်းဆို တိုက်တွန်းခဲ့တာပါ။ 

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာလ်နီဟာ ဖေဖော်ဝါရီ ၁၆ ရက်က ဝေလံသီခေါင်တဲ့ အာတိတ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်ကမှ  သူ့ရဲ့ ဈာပနကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ခင်ပွန်း သေဆုံးပြီးကတည်းက နာဗာလ်နာယာဟာ နာဗာလ်နီရဲ့ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ဖို့ ကတိပြုခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့တွေ့ဆုံကာ မြူးနစ် လုံခြုံရေး ညီလာခံနဲ့ ဥရောပပါလီမန်ကို မိန့်ခွန်းပြောတာအပါအဝင် အနောက်နိုင်ငံတွေမှာ ထင်ရှားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ များစွာကို ပြုလုပ်ခဲ့ပါတယ်။ 

ပူတင်က နာဗာလ်နီကို သတ်ပစ်တာဖြစ်ကြောင်း နာဗာလ်နာယာရဲ့ စွပ်စွဲချက်တွေကို ကရင်မ်လင်မှ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး သူ့သေဆုံးမှုနဲ့ ဈာပနနဲ့ပတ်သက်ပြီး လူအများရဲ့ တုံ့ပြန်မှုကို မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ အသက် ၄၇ နှစ်ရှိ နာဗာလ်နီဟာ သဘာဝအကြောင်းတရားနဲ့ ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့သေတမ်းစာမှာ ဖော်ပြထားပါတယ်။ 

Source/Photo-REUTERS/Johanna Geron

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013