မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ထိရောက်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးက ကနေ မတ် ၆ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြန်းထန်ထန်ရှုတ်ချပြီး ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမူအကူအညီတွေထိထိရောက်ရောက်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းရေးမှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်ကိုင်စွဲထားမှာဖြစ်ပြီး ဒီသဘောတူညီချက်တွေ အားလုံး အကောင်အထည်ပေါ်တာကို မြင်ချင်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း လိုတယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေ သဘောတူ ဆုံးဖြတ်ထားတဲ့နဲ့အညီ ဘုံသဘောတူညီချက် ၅ ရပ်ကို အလုံးစုံ အကောင်အထည်ဖော်ရေး တွန်းအားပေးဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံသွားမယ်၊ သဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အာဆီယံရဲ့ တခြား ပြင်ပမိတ်ဖတ်တွေနဲ့ အတူတကွ ဆောင်ရွက်သွားဖို့ ဆက်လက် အားပေးထောက်ခံသွားမယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းအားလုံးအတွက် ဘေးကင်းရေးနဲ့ လုံခြုံရေးကို တတ်နိုင်သလောက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားတဲ့ နေရပ်စွန့်ခွာသွားသူတွေ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျှောက် နေရပ်ပြန်နိုင်ရေး ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မတ် ၄ ရက်ကနေ ၆ ရက်အထိ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်၊ ဩစတြေးလျ ဝန်ကြီးချုပ်၊ အရှေ့ တီမောဝန်ကြီးချုပ်နဲ့ အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားပြု ကိုယ်စားလှယ်ကို ဖိတ်ကြားတာတော့ မရှိပါဘူး။