တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ၊ ပျူစောထီး တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ တာဝန်ရှိသူက ပြောပါတယ်။
မတ် ၅ ရက် မနက် ၆ နာရီခွဲမှာ ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာအုပ်စုရှိ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ အင်အား ၆ဝ ခန့်ရှိ စစ်ကောင်စီ၊ ပျူစောထီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ က အလစ်အငိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃ဝ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီ ယာယီတပ်စခန်းကို မနက် ၉ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ဒုတိယအကြိမ် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တာဝန်ခံက “ပထမအချီမှာ ကျနော်တို့ဘက်က လက်ဦးမှု ရခဲ့တာပါ။ စကစဘက်က ဒရုန်း ၂ စီးနဲ့ ပြန်လည်တိုက်ခိုက်တယ်။ လက်နက်ကြီးပစ်နေတာ ၂ဝ ကျော်ပြီ။ ဒီမနက်ကလည်း အသံတွေ ကြားနေရသေးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၁ ဘက်က လက်ဦးမှုရယူခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ဂျိုးတောင်ရွာက အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ယာယီစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “စစ်ရှောင်တာ ဂျိုးတောင်ရွာလောက်ပါပဲ။ တပ်စွဲထားတဲ့နေရာ အနီးအနားကအိမ်တွေ ပြောင်းရွှေ့နေကြကုန်ပြီဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး မောင်းလှော်ရွာအုပ်စုဘက်ကနေ ကား ၂ စီးနဲ့ စစ်ကူဝင်ရောက်လာတာကြောင့် လက်ရှိအချိန်ထိတော့ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။