သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီနဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး ဆိုနက်စေ ဆိုက်ဖန်ဒန်တို့ဟာ မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးရဲ့ ဆက်စပ်အစည်းအဝေးမှာ မတ် ၆ ရက်က ဘက်စုံ မိတ်ဖက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ ပညာရေး၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ရာသီဥတုနဲ့ ကာကွယ်ရေးကဏ္ဍတွေကို အဓိကထား ဆောင်ရွက်မယ်လို့ အယ်လ်ဘန်နီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးကို သြစတြေးလျနဲ့ လာအိုခေါင်းဆောင်တွေက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေတာပါ။
အာဆီယံရဲ့ ပထမဆုံး ပြည်ပမိတ်ဖက်နိုင်ငံဖြစ်လာတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် သြစတြေးလျဟာ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါတယ်။
ထိပ်သီးညီလာခံ ပိတ်ပွဲနေ့ သတင်းစာရှင်းလင်းပွဲမတိုင်မီ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကျင်းပမယ့် အခမ်းအနားမှာလည်း ခေါင်းဆောင်တွေ ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters