တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ နန်းတောင်စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က မတ် ၆ ရက် မနက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ PRDF ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးတဲ့နောက် ခလရ ၂၈၅ တပ်ရင်းနဲ့ မကျည်းကုန်း စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PRDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဒရုန်းနဲ့ စမ်းသပ်ဗုံးတွေ သွားချတာပါ။ စကစဘက်က ထိခိုက်မှု အတိအကျကိုတော့ မသိရသေးဘူး။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာတွေတော့ ရှိတယ်။ ခလရ ၂၈၅ ကနေ လက်နက်ကြီးနဲ့ ၂ ချက်၊ မကျည်းကုန်းဂိတ်ကနေ ၂ ချက် ပြန်လည်ပစ်ခတ်တာတော့ ရှိတယ်။ ကလေးတဦးတော့ ထိခိုက်ဒဏ်ရာရတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်၊ မတ် ၃ ရက်ကနေ မတ် ၆ ရက် ဒီနေ့အထိ ၆ ရက်အတွင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီရဲ့ နန်းတောင် စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနဲ့ ခလရ ၂၈၅ တပ်ရင်းတို့ကို ဒရုန်းနဲ့ စုစုပေါင်း ဗုံးသီး ၁၇ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အရင်နေ့တွေတုန်းကလည်း ဒရုန်းနဲ့ စမ်းသပ်ဗုံးတွေ သွားချတာရှိတယ်။ နန်းတောင် စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနဲ့ ၂၈၅ တပ်ရင်းတွေမှာ ဗုံးသွားချတာ။ စမ်းသပ်ဗုံး ဖြစ်တဲ့အတွက် တချို့ဗုံးတွေက အားကောင်းတာရှိသလို တချို့ဗုံးတွေကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဒီထက်အားကောင်းတဲ့ဗုံးတွေ ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါ” လို့ PRDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှု ၆ ရက်အတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရပြီး အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ စစ်ကောင်စီရဲ့ ယာဉ်တန်းနောက်မှာ ကပ်မလိုက်ဖို့၊ ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။