ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားမုခ်ဦးဝရှေ့မှာ မတ် ၆ ရက် မနက်ပိုင်းက ယာဉ် ၃ စီး ဆင့်တိုက်ခဲ့ပြီး အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ကမ္ဘာအေးဘုရားဝင်းထဲက ထွက်လာတဲ့ တက္ကစီယာဥ်ရဲ့ နောက်ပိုင်းကို လမ်းတည့်ကြောက ဖြတ်လာတဲ့ Mark ll အိမ်စီးကားက အရှိန်နဲ့ ဝင်တိုက်တာကြောင့် အတိုက်ခံရတဲ့တက္ကစီက သူ့ရှေ့က တခြား အဖြူရောင်တက္ကစီယာဥ်ကို ထပ်ဆင့်တိုက်မိတာ ဖြစ်ပါတယ်။
ယာဥ်တိုက်မှုကို တွေ့မြင်ခဲ့တဲ့ မြို့ခံတဦးက “တိုက်တာက အိမ်စီးကားနဲ့ အငှားယာဉ်တွေ တိုက်တာ။ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတဲ့ပုံစံပဲ။ အဲ့ဒီမှာ ကလေးတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် တက္ကစီပေါ်ပါ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးမှာ နှာခေါင်းသွေးထွက်ကာ ဒူးခေါင်းပွန်းပဲ့ခဲ့သလို အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ ဦးခေါင်းဝဲဘက်နဲ့ ပါးစပ်နာကျင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရေးပေါ် လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဓာတ်ပုံ - မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအဖွဲ့