မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန် ကားလမ်းပေါ်ရှိ တံတားတစင်း မတ်လ ၆ ရက် မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဘီးလင်းမြို့နဲ့ ၁၈ မိုင်ခန့်ကွာဝေးတဲ့ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီးက တံတားအမှတ် ၆/၁၈ ကို ဒီမနက် ၆ နာရီဝန်းကျင်လောက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ နတ်ကြီးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“မနက်အစောကြီးက မိုင်းခွဲတဲ့အသံကျယ်ကြီး ကြားလိုက်ရတာ။ ရွာကလူတွေက ဒီတံတားကိုပဲ အားထားသွားလာနေရတာ။ စစ်တပ်က အဲ့ဒီတံတားဝန်းကျင်နားမှာ မကြာမကြာ စစ်ဆေးတာတွေ လုပ်နေတယ်။ တခါတခါ တံတားကနေ ဖြတ်သန်းခွင့်မပေးတော့ ကေအန်ယူဘက်က မိုင်းခွဲပြီး ဖျက်ဆီးလိုက်တာပေါ့။”
မိုင်းခွဲဖျက်ဆီးလိုက်တဲ့တံတားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ ၁၂၀၊ တံတားအကျယ်မှာ ၂၄ ပေရှိကြောင်းနဲ့ လက်ရှိမှာ မော်တော်ယာဉ်တွေနဲ့ ဒေသခံတွေ ဖြတ်သန်းသွားလာလို့ မရတော့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကလည်း သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
Photo - SBM