Home
မြန်မာသတင်း
စစ်သားစုဆောင်းနေမှု သတိထားရန် ရိုဟင်ဂျာအရေး လှုပ်ရှားသူများ တိုက်တွန်း
မင်းညို
·
March 6, 2024
kyuat-2822024

စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေအပေါ် စစ်သားစုဆောင်းနေတာတွေကို သတိထားဖို့နဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်ကြဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ 

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ကိုယ့်တိုင်းပြည်ကို ကိုယ်ကာကွယ်ရမယ်လို့ဆိုပြီး သူတို့သဘော ဆန္ဒတွေမပါဘဲနဲ့ စစ်ကောင်စီတပ်က  အတင်းအကျပ် စစ်သားသစ် စုဆောင်းနေတယ်လို့ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေသူတွေက ပြောပါတယ်။

လတ်တလော အကြောက်တရားကြောင့် ရိုဟင်ဂျာတွေ စစ်ကောင်စီ စစ်သားသစ် စုဆောင်းခံနေရတာရှိကြောင်း၊  အတူယှဥ်တွဲနေထိုင်ကြတဲ့ လူမျိုးစုတွေကြားမှာ စစ်ကောင်စီက သွေးခွဲအုပ်ချုပ်ဖို့ ကြိုတင်စီစဉ်လာတာကြောင့် နိုင်ငံရေး အမြော်အမြင်ရှိကြဖို့နဲ့ စစ်ကောင်စီ အမြစ်ပြတ်ခြေမှုန်းရေးအတွက် တတပ်တအား ပါ၀င်ကြဖို့ NUG အစိုးရ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ တခြားဒေသတွေကနေ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေကို လတ်တလော အဓမ္မစစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်နေတာ  ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းထားကြောင်း၊ ရိုဟင်ဂျာတွေအနေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း ကြိုဆိုကြောင်း၊ စစ်ကောင်စီ ရခိုင်ပြည်နယ်ကနေ အပြီးတိုင်ထွက်သွားဖို့ လိုလားကြောင်း Burma Rohingya Organization- UK ရဲ့ ဥက္ကဋ္ဌ  ဦးထွန်းခင်က ပြောပါတယ်။

စစ်မှုထမ်းဖို့ မွတ်စလင်တွေကို အဓမ္မခေါ်ယူနေတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အပြင် အစုံလိုက်အပြုံလိုက် သေဆုံးစေဖို့  တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ကြောင်း၊ ရခိုင်နဲ့ မွတ်စလင်တွေအကြား ပဋိပက္ခကို ဖြစ်စေရုံသာမက မွတ်စလင်ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာလည်းပိုပြီးဝေးကွာစေမယ်လို့ အေအေ က မတ် ၂ ရက်မှာ ထုတ်ပြန်ထားတာပါ။

စစ်တွေမြို့နယ်နေ ရိုဟင်ဂျာ လူငယ်တယောက်ကလည်း ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့အတူ အရင်ကတည်းက အတူယှဥ်တွဲနေထိုင်လာကြတာကြောင့် ဘုံရန်သူကို တိုက်ခိုက်ဖို့ ရိုဟင်ဂျာတွေက ဆန္ဒရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ဘူးသီးတောင်မြို့နယ်ထဲက ပြင်ချောင်းအုပ်စု၊ ကကျက်ဘက် ကံပြင်အုပ်စု စတဲ့ ကျေးရွာ ရပ်ကွက်တွေက ရိုဟင်ဂျာ ၅၀၀ လောက်ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားပြီး ၁ လကျော်တဲ့အထိ အိမ်တွေကို ပြန်ရောက်မလာကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

အလားတူ စစ်တွေ ဒုက္ခသည်စခန်းထဲကနေ အယောက် ၄၀၀ နဲ့ ကျောက်တော် ကျောက်တလုံး ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကိုလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့  အဓမ္မခေါ်သွားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013