Home
နိုင်ငံတကာ
လာအို အိမ်ဖော်မိန်းကလေးကို အိမ်ရှင် ထိုင်းဆရာဝန်က ပိတ်လှောင်ပြီး လိင်အမြတ်ထုတ်
DVB
·
March 6, 2024
Thai world 632024

ထိုင်းအရှေ့မြောက်ပိုင်း၊ ဥဘွန်းရာ့ချ်ဌာနီခရိုင်ထဲမှာ လာအိုရွှေ့ပြောင်းလုပ်သား အိမ်ဖော်မိန်းကလေးကို အလုပ်ရှင် ဆရာဝန်တယောက်က အိမ်ထဲ ပိတ်လှောင်ပြီး ကာယိန္ဒြေ ပျက်ပြားအောင် ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖဲဝါး ဆိုသူ အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မိန်းကလေးဟာ လွန်ခဲ့တဲ့လပိုင်းက ဥဘွန်းရာ့ချ်ဌာနီမြို့ မတ်ခဲန့်ရပ်ကွက် ဖွန်းဖိဆိုင်လမ်းထဲက နေအိမ်တအိမ်မှာ အသက် ၈၀ ကျော် အဘွားအိုတဦးကို ပြုစုဖို့ အလုပ်ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အဘွားရဲ့သားဖြစ်သူ ပင်စင်စား ဆရာဝန်တဦးက သူ့ကို ဘယ်မှ ပေးမသွားတဲ့အပြင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကိုင်တွယ်တာ၊ အတင်းပွေ့ဖက် နမ်းရှုပ်တာ၊ ပေါင်ပေါ် တက်ထိုင်ခိုင်းတာတွေ လုပ်နေတဲ့အတွက် သူက အလုပ်ထွက်ခွင့် တောင်းခဲ့ပါတယ်။

အလုပ်ရှင် ဆရာဝန်က အလုပ်ပေးမထွက်တဲ့အပြင် သူ့ရဲ့ အလုပ်သမားကတ်ကိုပါ သိမ်းထားပြီး ထွက်ပြေးရင် ရဲတိုင်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် သူ့အစ်ကိုကို ဖုန်းဆက် ပြောပြခဲ့ပါတယ်။

အစ်ကိုဖြစ်သူက နီးစပ်ရာရဲစခန်းကို သွားရောက်တိုင်ကြားရာမှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်က တာဝန်ရှိသူတွေ အဲဒီအိမ်ကို စစ်ဆေးဖို့ သွားရောက်ခဲ့ပေမဲ့ ခြံတံခါးကို လာမဖွင့်ပေးတာကြောင့် မိန်းကလေးကို ခြံစည်းရိုးကျော်ခွပြီး ထွက်လာဖို့ ရဲတွေက ပြောခဲ့ပါတယ်။

မိန်းကလေးလည်း ခြံစည်းရိုးကနေ အပြင်ကို ကျော်ထွက်လာပြီး အဲဒီအိမ်မှာ နေထိုင်စဉ် ကြုံတွေ့ခဲ့သမျှတွေကို ပြန်ပြောပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ အိမ်ရှင်/အလုပ်ရှင်ကို ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ ရဲစခန်းက ဆင့်ခေါ်စာ ပေးပို့ခဲ့ပါတယ်။

အသက် ၆၀ ကျော်ရှိ အဆိုပါ အငြိမ်းစားဆရာဝန်လည်း ရဲစခန်းကို လာရောက်ပြီး စွဲချက်တွေ မဟုတ်မမှန်ကြောင်း၊ သမီးတယောက်လို သဘောထားပြီး ခေါင်းကိုင် ပခုံးကိုင်တာတော့ ရှိခဲ့ကြောင်း၊ မရိုးမသားစိတ်နဲ့ ခန္ဓာထိပါးတာတွေ မလုပ်ခဲ့ကြောင်း၊ သက်သေ အထောက်အထားလည်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

မိန်းကလေးဘက်ကတော့ ဆရာဝန်နဲ့ သူ စကားပြောနေတဲ့ အသံဖိုင်ကို သက်သေအဖြစ် ရဲစခန်းကို ပေးပို့ခဲ့ပြီး အဲဒီဖိုင်ထဲမှာ သူက ဆရာဝန်ကို သူ့အသားကို မထိဖို့၊ ရေချိုးခန်းထဲထိ ဘာလို့လိုက်လာလဲ၊ ဘာလို့ ဖက်နမ်းသလဲ၊ ဘာလို့ ပေါင်ပေါ် ဆွဲထိုင်ခိုင်းသလဲ ဆိုတာတွေ၊ အလုပ်ထွက်မယ်၊ ဆိုင်းထိုးပေးပါ၊ ဆရာဝန်က သဘောမတူဘဲ အလုပ်ထွက်ရင် ရဲတိုင်မယ် ဆိုတာတွေ ပြောဆိုထားပါတယ်။ ဆရာဝန်ကတော့ ဝန်မခံဘဲ ရှေ့နေငှားပြီး အမှုရင်ဆိုင်သွားမယ်လို့ ပြောသွားပါတယ်။

Source/Photo-workpointnews.com

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024