၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မြို့ ၇ မြို့မှာ ညမထွက်ရအမိန့် အပါအဝင် စစ်ဆင်ရေးကာလမှာ လိုက်နာရမယ့် ကန့်သတ်ချက် အမိန့်တွေကို ပယ်ဖျက်လိုက်ကြောင်း TNLA က မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီမြို့တွေမှာ စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးတက်လာလို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပယ်ဖျက်လိုက်တာလို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို မတ်လ ၄ ရက်နေ့မှာပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။
စစ်ကောင်စီရဲ့ ဒီကြေညာချက်ဟာ TNLA ဒေသအတွင်းက လူထုကို အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း TNLA က ပြောထားပါတယ်။
စစ်ကောင်စီ ကြေညာပြီးနောက် TNLA က ရှမ်းပြည်မြောက်ပိုင်းမှာ သူတို့သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေ အပါအဝင် ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် အပါအဝင် ကန့်သတ်ချက် အမိန့်တွေကို ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လာတာပါ။
အာဏာသိမ်း စစ်ကောင်စီအနေနဲ့ TNLA ထိန်းချုပ်လည်ပတ်နေတဲ့ မြို့တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်လာလို့ တအောင်းဒေသအတွင်း နေထိုင်ကြတဲ့ ဒေသခံ ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ အမိန့်တွေကို လိုက်နာစရာမလိုဘဲ TNLA ထုတ်ပြန်ချက်တွေကိုပဲ လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။