ရုရှားထိပ်တန်းစစ်ဦးစီးမှူး ဆာဂေး ကော်ဘိုလက်ရှ်နဲ့ ဗစ်တာ ဆက္ကာလာ့ဗ်တို့ နှစ်ဦးကို ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က မတ်လ ၅ ရက်မှာ ကြေညာပါတယ်။
ရုရှားစစ်အရာရှိနှစ်ဦးဟာ ယူကရိန်း လျှပ်စစ်အခြေခံအဆောက်အအုံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်ကနေ ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်အထိ သူတို့ရဲ့ ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယုံကြည်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွရှိတယ်လို့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ အခြေစိုက် အိုင်စီစီတရားရုံးက ပြောပါတယ်။
ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ရုရှားအရာရှိတွေကို ဖမ်းဆီးမှုအတွက် ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်လိုက်တာပါ။
ယူကရိန်းကလေးတွေကို ပြန်ပေးဆွဲမှုနဲ့ ဆက်နွှယ်တဲ့ စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ သမ္မတ ဗလာဒီမာပူတင်နဲ့ ကလေးကော်မရှင်နာ မာရီယာ အယ်လ်ဗိုဗာ ဘယ်လိုဗာကို ပြီးခဲ့တဲ့နှစ် မတ်လမှာ အိုင်စီစီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေကို ကရင်မလင်နန်းတော်က ပယ်ချခဲ့ပါတယ်။ ယူကရိန်းလျှပ်စစ် ဓာတ်အားလိုင်းကို တိုက်ခိုက်တာဟာ အရပ်သားတွေကို ထိခိုက်နစ်နာစေတယ်၊ မျှော်လင့်ထားတဲ့ စစ်ရေး အသာစီးရမှုထက် လွန်ကဲတာ ထင်ရှားတယ်လို့ အိုင်စီစီက အင်္ဂါနေ့မှာ ပြောပါတယ်။
ရုရှားကတော့ ယူကရိန်းနိုင်ငံထဲက အရပ်ဘက်အခြေခံအဆောက်အအုံတွေကို တမင် ပစ်မှတ်ထားတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုထားပြီး သူ့ရဲ့ တိုက်ခိုက်မှုအားလုံးဟာ ယူကရိန်း အစိုးရရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချဖို့သာ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။
Source/Photo-REUTERS/Piroschka van de Wouw