Home
မြန်မာသတင်း
ပင်လောင်းတွင် ရေရှားပါးသဖြင့် ဒေသခံနှင့် စစ်ရှောင်များ အခက်ကြုံ
DVB
·
March 6, 2024
water-632024
water-2-632024
water-1-632024-1
water 1 632024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ရေရှားပါးတာကြောင့် ဒေသခံနဲ့ စစ်ရှောင်တွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပင်လောင်းဒေသရှိ ကျေးရွာအများစုမှာ အဝီစိရေကို တူးလို့မရဘဲ မိုးရေကိုသာ ရေတွင်းခံပြီး သိုလှောင်ထားတဲ့နည်းနဲ့ အသုံးပြုရပြီး အခုကာလမှာ ရှိရင်းရွာခံအရပ်သားတွေအပြင် လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေတာကြောင့် မူလသိုလှောင်ရေတွေ လုံလောက်မှုမရှိဘဲ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “နှစ်စဉ် ရေရှားတာနဲ့ ကြုံနေရတယ်။ ခုဆို နွေလည်းရောက်ပြီ။ ရေကလည်း အရမ်းစျေးကြီးတယ်။ ရေတကား ၁ သိန်းတဲ့။ သောက်ဖို့ပဲထားတယ်။ ရေရှားတော့ အဝတ်လျှော်တာ၊ ရေချိုးတာကျ သိပ်မလုပ်ကြဘူး။ အရင်က ရွာအထိ ရေပေးဝေတာရှိပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရေပေးဝေတာ မရှိတော့ဘူး” လို့ ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ ကရင်နီစစ်ရှောင် ၂၀,၀၀၀ ကျော်လည်း ခိုလှုံနေပြီး ရေရှားပါးတာကြောင့် တကိုယ်ရေသန့်ရှင်းရေး အားနည်းနေပြီး ကျန်းမာရေး ထိခိုက်လာတာ ရှိတယ်လို့ ဆိုပါတယ်။

ဝါးပြုံးစစ်ရှောင်စခန်းမှ အမျိုးသမီးတဦးက “ရေပုံမှန်မချိုးရတော့ ယားယံတာတွေ ဖြစ်တယ်။ စစ်ရှောင်စခန်းမှာ လူတွေကလည်း များတော့ ကူးစက်တာ အရမ်းမြန်တယ်။ ပြီးရင် အိမ်သာတက်တာတို့လည်း သန့်ရှင်းမှု မရှိဘူး။ ချိုးဖို့မပြောနဲ့ ထမင်းဟင်းချက်ဖို့၊ သောက်ဖို့တောင် မရှိဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရေကန်တွေပါ ခန်းခြောက်လာတဲ့အတွက် ကျွဲ၊ နွား မွေးထားသူတွေလည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်က ရင်းမှီး၊ စင်းတောင်း၊ ဝါးလီး၊ ပင်ခွန်၊ တောင်လေး၊ ဆောင်းပြောင်း၊ လဲင်းတနျား၊ တခါယဉ်၊ သစ်ပင်ကောက်၊ဝါးပြုံး စတဲ့ကျေးရွာတွေမှာ နှစ်စဉ် ရေရှားပါးတာ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013