Home
မြန်မာသတင်း
ကျိုက်ထိုတွင် လေဖြတ်နေသည့် အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
March 6, 2024
hos
crime 632024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာမှာ မတ် ၅ ရက်က အမည်မသိ သေနတ်သမားတွေ ပစ်သတ်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးမင်းမင်းကို မတ် ၅ ရက် နေ့လယ် ၁၂ နာရီခွဲမှာ အမည်မသိ သေနတ်သမားတွေက နေအိမ်မှာ လာရောက်ပစ်ခတ်ပေမဲ့ မထိဘဲ လွတ်မြောက်သွားပြီး လေဖြတ်နေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးသင်းသင်းအောင်ကို ထိမှန်ခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးသင်းသင်းအောင်ရဲ့ ရင်ဘတ်၊ လက်မောင်းတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုဒေသခံတဦးက “သူ့ညီကိုလာသတ်တာ သူ့ညီကိုမထိဘဲ အစ်ကိုထိသွားတာ။ ကိုမင်းမင်းက စစ်တပ်နဲ့ပေါင်းနေတယ်လို့ ကြားပေမဲ့ သေချာ အတိအကျကြီးတော့ ကျနော်တို့လည်း မသိဘူး။ ဆိုင်ကယ်နဲ့ နှစ်ယောက်လာပစ်သွားတာ သူတို့ခြံထဲမှာပဲ။ ဘယ်သူတွေ ပစ်သွားလဲတော့ မသိပါဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးသင်းသင်းအောင်ရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေက ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဦးသင်းသင်းအောင် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မထုတ်ပြန်သေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ စစ်တပ်နဲ့ပေါင်းပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတဲ့ ဦးကျော်ဝင်းကို PDF တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013