နိုင်ငံတိုင်းမှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ ဆိုပြီး အချုပ်အခြာအာဏာ ၃ ရပ်ကို မဏ္ဍိုင်ကြီး ၃ ရပ်လို့လည်း ခေါ်ဆိုကြပါတယ်။ အဲဒီအာဏာ ၃ ရပ်ကို ထိန်းကျောင်းတည့်မတ်ဖို့နဲ့ ပြည်သူပြည်သားတွေထံ ဆက်သွယ်ပေါင်းကူးပေးနိုင်ဖို့ နောက်ထပ် အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ကိုတော့ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့ ဝိဂြိုဟ်ပြု သတ်မှတ်ကြပါတယ်။
ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်သာမက စတုတ္ထမဏ္ဍိုင်ကြီးကိုပါ စစ်ဓားပြဂိုဏ်းက ပြည်သူအလိုမတူဘဲ လုယက်ထားခဲ့တာမို့ အဲဒီမဏ္ဍိုင်အားလုံးဟာ စစ်အာဏာရှင်စနစ် ရှင်သန်ရေးအတွက် အများပြည်သူကို ဖိနှိပ်တဲ့ ကိရိယာများအဖြစ် ပြောင်းလဲသွားခဲ့ရတာမို့ မကောင်းဆိုးဝါးမဏ္ဍိုင်များ ဖြစ်ခဲ့ရပါတော့တယ်။
စစ်အာဏာရှင်အဆက်ဆက်ဟာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်ထုတ်ဝေရေး၊ ရေဒီယို၊ အသံလွှင့်၊ ရုပ်မြင်သံကြား၊ ရုပ်ရှင် ဂီတ အနုပညာဖန်တီးမှု စတဲ့ လူထုဆက်သွယ်ရေး စတုတ္ထမဏ္ဍိုင်ကြီးကို ကုပ်ခွစီး သေနတ်နဲ့တေ့ထားပြီး သူတို့ မဟုတ်တရုတ် အုပ်ချုပ်တာ၊ တရားမဲ့ အုပ်ချုပ်နေတာတွေကို မသိအောင် ပြည်သူတွေကို မျက်စိပိတ် နားပိတ်ထားဖို့ မသိအောင် ဖုံးကွယ်လိမ်ညာ မုသားဆိုရာမှာ အသုံးချလေ့ရှိတာမို့ လွတ်လပ်မှန်ကန်တဲ့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ဝါဒဖြန့်ချိရေးယန္တရားအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။
မုသားစကားကို ထမင်းစား ရေသောက် ပြောနေတဲ့ စစ်အာဏာရှင်များ
စိတ်ပညာသဘောအရ မဟုတ်မမှန်လုပ်တဲ့သူ လိမ်ညာမုသား ဆိုလေ့ရှိသူတိုင်းဟာ တခြားသူတွေကို မုသားဆိုတယ်၊ မဟုတ်မမှန် လိမ်ညာတယ်လို့ အရင်ဦးအောင် ပြောလေ့ရှိပါတယ်။ နေဝင်း၊ သန်းရွှေ စတဲ့ စစ်အာဏာရှင် လူယုတ်မာအားလုံးဟာ သူတို့လက်လှမ်းမီ ထိန်းချုပ်နိုင်တဲ့ ပြည်တွင်းက မီဒီယာတွေကို သတင်းလွတ်လပ်ခွင့်တွေ ပိတ်ပင်ပြီး နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကို အဓမ္မကျင့်နိုင်ပေမဲ့ သူတို့မထိန်းချုပ်နိုင်တဲ့ BBC၊ RFA စတဲ့ နိုင်ငံရပ်ခြားသတင်းဌာနတွေကိုတော့ ပြည်တွင်းရေးစွက်ဖက်တယ်၊ မီဒီယာကျင့်ဝတ်နဲ့ မညီဘူး၊ မိုးလုံးပြည့်မုသာဝါဒဆိုတဲ့ စကားကိုသုံးပြီး နားမလည်တဲ့ အညံ့စား ပြည်သူလူထုနဲ့ ရန်တိုက်ပေးခဲ့ကြပါတယ်။
အခုနောက်ဆုံး ယဲ့ယဲ့သာကျန်တော့တဲ့ တိုက်တိုင်းရှုံး စစ်အာဏာရှင် မင်းအောင်လှိုင် လက်ထက်မှာလည်း လွတ်လပ်တဲ့ ပြည်ပရောက် ပြည်တွင်းသတင်းမီဒီယာတွေကို “ပြည်ဖျက်မီဒီယာတွေ”လို့ စစ်ဓားပြဂိုဏ်းရဲ့ ပြောခွင့်ရ မုသားစကားကို ထမင်းစားရေသောက် ပြောနေတဲ့ ဇော်မင်းထွန်းက သူတို့အပြစ်ကို ဖုံးကွယ်ဖို့ အမြဲတမ်း ပြောင်းပြန်ပြောနေသလို သူတို့ရဲ့ ဝါဒဖြန့်ချိရေး သတင်းမီဒီယာတွေမှာလည်း နေ့တိုင်း စွပ်စွဲရေးနေတာ အားလုံးအသိ ဖြစ်ပါတယ်။
တကယ်တမ်းက တိုင်းပြည်ကို နည်းပေါင်းစုံနဲ့ နှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့ရုံမက ပျက်သုဉ်းနိုင်ငံအဆင့် ကျော်လွန်လို့ လူငယ်လူရွယ်တွေ အပါအဝင် မျိုးဆက်ပေါင်းများစွာ ပြည်ထောင်စုသား တိုင်းရင်းသားအားလုံးရဲ့ အသက်နဲ့ ဘဝတွေသာမက အနာဂတ်တွေကိုပါ ရမ်းကားကြမ်းကြုတ်စွာ ဖျက်ဆီးနေတာဟာ “စစ်အာဏာရှင်ခါးပိုက်ဆောင် ပြည်ဖျက်စစ်တပ်” သာလျှင် ဖြစ်ပါတယ်။
ကိုယ့်မျက်ချေး ကိုယ်မြင်ပါလက်နဲ့ ဖုံးကွယ်ပြီး တခြားသူတွေကို အပြစ်ဖို့ လက်ညှိုးသာ ထိုးတတ်တဲ့ စစ်အကြမ်းဖက် စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က မုသားစကားကို လူပုံအလယ်မှာ အရှက်အကြောက်မဲ့ ထမင်းစားရေသောက် ပြောရဲတာ မဟုတ်လား။ စာရိတ္တယုတ်ညံ့ပြီး သီလမကောင်းဘဲ သမ္မတရာထူးကို အရှက်မရှိတောင်းတာ မပေးလို့ အာဏာလုယူခဲ့တာကို မဲစာရင်းအကြောင်းပြပြီး အာဏာထိန်းရတာပါလို့ တနိုင်ငံလုံး ရှေ့မှောက်မှာ လူသိရှင်ကြား ပြည်သူ့မဲဆန္ဒကို လက်ခံပါမယ်လို့ ပေးထားတဲ့ကတိကို ဖျက်ပြီးမှ လိမ်ညာ မုသားဆိုခဲ့သူဟာ မကောင်းဆိုးဝါး သမ္မတရူး မင်းအောင်လှိုင်ပါပဲ။
စစ်ဓားပြဂိုဏ်းရဲ့ ပြောရေးဆိုခွင့်ရသူ ဇော်မင်းထွန်း ဆိုတာဟာ သက်သေအထောက်အထား အပြည့်အစုံရှိတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တဲ့ မြန်မာပြည်အနှံ့မှ မြို့များ၊ ရွာများ၊ ဈေးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများပါမကျန် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတာတွေ၊ စစ်ကြောင်းထိုးပြီး မီးရှို့တာ၊ စစ်ပွဲနဲ့မဆိုင်တဲ့ အရပ်သား အိုးအိမ် အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်ဆီးနေတာတွေကို ဗြောင်ငြင်းကွယ်လို့ မုသာဝါဒကို အတုံးလိုက် အတစ်လိုက် ကျူးလွန် လိမ်ညာနေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။
မီဒီယာ (အင်္ဂလိပ်လို Media) ဆိုတာဟာ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့၊ သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့၊ ဖန်တီးမှုတွေ၊ အသစ်အဆန်းတွေကို မျှဝေပေးဖို့၊ အဖြစ်အမှန်တွေကို ဟုတ်တိုင်းမှန်စွာ အများပြည်သူအကျိုးအလို့ငှာ အသိပေးရာမှာ အသုံးပြုရတဲ့ ကြားခံတခု ဖြစ်ပါတယ်။ နည်းပညာတိုးတက်တဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ရှိတဲ့ မီဒီယာအမျိုးအစားတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကြော်ငြာမီဒီယာ၊ ရုပ်သံမီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ အီလက်ထရောနစ်မီဒီယာ၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာ၊ ဟိုက်ပါမီဒီယာ၊ မာ(လ်)တီမီဒီယာ၊ လူမှုဆက်ဆံရေးမီဒီယာ (ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ အင်စတာဂရမ်၊ WhatSAPP, Viber) တို့ ဖြစ်ကြပါတယ်။
သူတို့အပြစ်တွေကို ဖုံးကွယ်ပြီး သူတို့နဲ့ ဆန့်ကျင်ဘက် အင်အားစုတွေရဲ့ မီဒီယာတွေကို ပြည်ဖျက်မီဒီယာတွေ၊ မိုးလုံးပြည့်မုသာဝါဒတွေလို့ လက်ညှိုးထိုး နာမည်ဖျက်တတ်ကြတဲ့ စစ်ဓားပြဂိုဏ်းဟာ ခေတ်အဆက်ဆက်မှာ ရုပ်သံမီဒီယာ၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာတွေကို သူတို့ရဲ့ စစ်အာဏာရှင်စနစ် ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် အမြဲတမ်း အသုံးချပြီး နားမလည်တဲ့ ပြည်သူအမိုက်အမဲတွေကို အတွေးအခေါ် အဆိပ်ခတ်ကြပါတယ်။
စစ်အာဏာရှင် သန်းရွှေတို့ခေတ်မှာ “ပါပီမ” ပေါ်လစီဇာတ်ကား၊ “မဟာ ပေါ်လစီသီချင်း၊ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုတဲ့ ပေါ်လစီဇာတ်ကားတွေကို စစ်ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် သုံးခဲ့ကြပါတယ်။ အခုလက်ရှိ အာဏာလု စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်တို့ လက်ထက်မှာလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တုန်းက မြဝတီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “စောင်နီလေးတထည်” ဆိုတဲ့ ပေါ်လစီဇာတ်ကားဟာ လူထုကြားမှာ မမှန်ကန်တဲ့ အတွေးအခေါ်တွေ အဆိပ်သင့်အောင် ရုပ်သံမီဒီယာ ဝါဒဖြန့်ချိရေး ကိရိယာအဖြစ် အသုံးချခဲ့ကြတာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးရဲ့ အင်အားစုတွေဖြစ်တဲ့ မီဒီယာသမားတွေ လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေထဲကနေ အထူးအရေးကြီးတဲ့ အောက်ပါကျင့်ဝတ်များကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
၁၊ သတင်းတွေ မျက်မှောက်ဖြစ်ရပ်တွေကို ဖော်ပြရာမှာ တိကျမှု၊ ဘက်မလိုက်မှုနဲ့ မျှတမှု ရှိရမယ်။
၂၊ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားစွာရှိနေတဲ့ နိုင်ငံရေးအယူအဆတွေကို ထင်ဟပ် ဖော်ပြပေးရမယ်။
၃၊ ပေါက်ကြားလာတဲ့ အကြောင်းအရာတွေ၊ ကန့်သတ်သတင်းအချက်အလက်တွေနဲ့ သတင်းရင်းမြစ်တွေကို ကာကွယ်ပေးရမယ်။
၄၊ အများပြည်သူ အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ အထင်အရှားပြနိုင်ရင် လူတဦးချင်းနဲ့ မိသားစု ပုဂ္ဂလိကဘဝဆိုင်ရာ သတင်းအချက်အလက်တွေကို ထိုသူတို့ရဲ့ သဘောတူ ခွင့်ပြုချက် မပါဘဲ ရေးသားဖော်ပြခြင်း ဒါမှမဟုတ် ထုတ်လွှင့်ခြင်းကို ပြုလုပ်နိုင်တယ်။
၅၊ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု၊ လိင်၊ လိင်တိမ်းညွှတ်မှု၊ အသက်အရွယ်၊ ကိုယ်ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ နာမကျန်းမှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခြင်း မပြုရ။
၆၊ သတင်းမီဒီယာလုပ်ငန်းတွေမှာ ပုဂ္ဂလ (သို့မဟုတ်) အဖွဲ့အစည်း အကျိုးစီးပွားအတွက် ၎င်းတို့အပေါ် သြဇာလွှမ်းမိုးခြင်း ခွင့်မပြုရ၊ စတာတွေ ဖြစ်ပါတယ်။
စစ်ဓားပြဂိုဏ်းရဲ့ စတုတ္ထမဏ္ဍိုင်ကတော့ စစ်အာဏာရှင်စနစ် အကျိုးစီးပွားအတွက် အထက်မှာ ဖော်ပြခဲ့တဲ့ မီဒီယာကျင့်ဝတ်အားလုံးကို မလိုက်နာသလို တခြား လူ့အသိုင်းအဝိုင်းက လိုက်နာကြတဲ့ လူ့ကျင့်ဝတ်တွေ အားလုံးလည်း ပယ်ပယ်နယ်နယ် ချိုးဖောက်နေတဲ့ သိက္ခာမဲ့ မဏ္ဍိုင်ဆိုးကြီးပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် စစ်ဓားပြဂိုဏ်းဟာ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၄ ရပ်စလုံးကို လက်နက်အားကိုးနဲ့ လုယက်ခဲ့တာ ၃ နှစ်ကာလ ကျော်တာတောင် ပိုင်ရှင် ပြည်သူက မပေးအပ်တာမို့ ယူသာယူသည် မရ ဆိုသလို အခုချိန်ထိ မပိုင်သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စတဲ့ အချုပ်အခြာအာဏာ ၃ ရပ်စလုံး ချည့်နဲ့ ယိုင်လဲနေသလို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ နိုင်ငံပိုင်မီဒီယာတွေကို စစ်အာဏာရှင်စနစ် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် သွေးဆိုးလောင်းပြီး ဗီဇပြောင်းခဲ့တာမို့ ပြည်တွင်းပြည်ပက လက်မခံကြတာမို့ အဆိပ်ခတ် ဝါဒဖြန့်ချိရေး ယန္တရားပျက်ကြီးတခုလို ဖြစ်သွားခဲ့ပါတယ်။
စစ်ဓားပြဂိုဏ်း မောင်ပိုင်စီးထားတဲ့ မြန်မာ့အလင်းသတင်းစာ၊ မြဝတီရုပ်မြင်သံကြား စတဲ့ သတင်းမီဒီယာ ဆိုတာတွေကို ပြည်သူလူထုက လျစ်လျူရှုပြီး စွန့်ပစ်ခဲ့ကြတာမို့ စစ်ဝါဒထောက်ခံသူ လူနည်းတစုကိုသာ အတွေးအခေါ် အဆိပ်ခတ်ပေးနိုင်တော့တဲ့ ယန္တရားအိုပျက်ကြီး ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံတကာ လူမှုရေးမီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာတွေ စတာတွေမှာလည်း စစ်ဓားပြဂိုဏ်းနဲ့ စစ်အသိုင်းအဝိုင်းဟာ မီဒီယာကျင့်ဝတ် မဲ့တာမို့ ဖယ်ရှားခံခဲ့ရပါတယ်။
လိမ်ညာစကားကို ထမင်းစားရေသောက် လူပုံအလယ် အကြိမ်ကြိမ် ပြောဆိုဝံ့တဲ့ မုသား မင်းအောင်လှိုင်နဲ့ စစ်ဓားပြဂိုဏ်းရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ အဆိပ်ခတ် ဝါဒဖြန့်ချိရေး ယန္တရားပျက်ကြီးဟာ လွတ်လပ်တဲ့ ပြည်ပရောက် ပြည်တွင်းသတင်းမီဒီယာတွေနဲ့ BBC, RFA စတဲ့ နိုင်ငံတကာ မီဒီယာတွေကို ပြည်ဖျက်မီဒီယာတွေလို့ အပုပ်ချ လက်ညှိုးထိုးနေပေမဲ့ ပြည်သူလူထုတရပ်လုံးကို ငရဲကျခံရသလို ခံစားရအောင် ကြမ်းကြုတ်ရက်စက်စွာ ဒုက္ခပေးခဲ့တာ၊ နိုင်ငံကို အလုံးစုံပျက်သုဉ်းအောင် ဖျက်ဆီးနေတာဟာ စစ်ဓားပြဂိုဏ်းသာလျှင် ဖြစ်တယ်ဆိုတာ ငြင်းကွယ်လို့မရနိုင်တဲ့ မပျောက်ပျက်နိုင်တော့တဲ့ သက်သေအထောက်အထား ကုဋေကုဋာ ရှိနေပြီမို့ ပြည်သူ့ခုံရုံးနဲ့ စစ်ရာဇတ်ခုံရုံးရဲ့ အဆုံးအဖြတ်နဲ့ ထိုက်တန်တဲ့အပြစ်ကို မလွဲမသွေ ခံယူရမှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်