Home
မြန်မာသတင်း
မိုးဗြဲမြို့အနီး ကျေးရွာများတွင် ဘိန်းစိုက်သူ ပိုများလာ
DVB
·
March 6, 2024
bane 632024

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ အခုနှစ်နွေရာသီအတွင်း ဘိန်းစိုက်ပျိုးသူတွေ ပိုများလာပြီး စိုက်ခင်းဧကတိုးချဲ့ စိုက်ပျိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း ဘိန်းကာလပေါက်ဈေး တပိဿာ ကျပ် ၁၁ သိန်းကျော်ရရှိတဲ့အပြင် စိုက်ပျိုးစရိတ် အနည်းငယ်သာကုန်ကျတဲ့အတွက် စိုက်ပျိုးမှုတွေပိုများလာတာဖြစ်တယ်လို့ မိုးဗြဲမြို့ခံ တဦးက ပြောပါတယ်။

မိုးဗြဲမြို့အနောက်ခြမ်း ခေါင်းစံကျေးရွာနေ အမျိုးသားတဦးက“စပါးတို့ ငရုပ်တို့ ပြောင်းတို့စိုက်ရင် စိုက်ပျိုးသလောက် ပင်ပန်းသလောက် ပြန်မရဘူး၊ ဘိန်းကျတော့ ပွဲစားတွေက ရွာထဲထိဝယ်ပေး တော့ ကိုယ်တိုင်သွားရောင်းစရာလည်းမလိုဘူး” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၀၂၀ ပြည့်နှစ်မှာ ဘိန်းဈေး တပိဿာ ကျပ် ၂ သိန်းအထိ ဈေးထိုးကျခဲ့ရာကနေ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းကနေ အခုနှစ်အထိ ဘိန်းဈေးတပိဿာ ကျပ်  ၉ သိန်း ၁၃သိန်းအထိ ဈေးအမြင့်ဆုံးရရှိနေတာ ဖြစ်ပါတယ်။

မိုးဗြဲဒေသခံက “မိုးဗြဲမှာအရင်က မစိုက်တော့ဘူး၊ ဆယ်ရွာမှာ တစ်ရွာလောက်ပဲစိုက်တာ အဲ့တာတောင် တချို့အိမ်ပဲ စိုက်တာ၊ အဲ့ချိန်ကဈေးမရဘူးလေ၊ အခွန်အခလည်းများတာနဲ့မစိုက်ဘူး၊ အခုဆိုရင် ဒီမိုးဗြဲအနောက်ဖက်ကတစ်ကျောလုံးမှာ ကျေးရွာတိုင်းက အိမ်တိုင်းနီးပါးပြန်စိုက်တယ်၊ မြို့ပေါ်လည်း အလုပ်မရှိဘူး၊ လက်နက်ကြီးထိတဲ့အိမ်ဆို ဘိန်းစိုက်ပြီးတော့ပဲ ပြန်ဆောက်နိုင်မှာ” လို့ပြောပါတယ်။

နွေရာသီ ဘိန်းစိုက်ပျိုးရာမှာ မြစ်၊ ချောင်း အနီးတဝိုက်တွေမှာ စိုက်ပျိုးကြပြီး မြစ်၊ ချောင်းမှ ရေစုပ်စက်နဲ့ ဘိန်းခင်းရှိတဲ့နေရာတွေကို ရေတွေစုပ်တင်ထားရပြီး ရေပန်းအသေးတွေနဲ့ ရေသွင်းစိုက်ပျိုးကြတာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့မြို့ ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုအားနည်းတာကြောင့် အလုပ်အကိုင်ရှားပါးတဲ့အပြင် စိုက်ပျိုးသီးနှံတွေလည်း ဈေးနှုန်းမရှိတဲ့အတွက် ဘိန်းသီးနှံကို အားထားစိုက်ပျိုးလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂ UNODC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013