Home
မြန်မာသတင်း
ပုသိမ်မြို့၌ ၁ လအတွင်း  ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ပြည်သူ ၁၃ ဦး ဖမ်းဆီးခံရ
DVB
·
March 6, 2024
pathein 632024

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၁၃ ယောက်ကို ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့သူတွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၉ ရက်အထိ ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အရပ်သား အမျိုးသား ၁၂ ယောက်နဲ့ အမျိုး သမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  

ဖမ်းဆီးခံရတဲ့သူတွေအရေး ကူညီပေးနေတဲ့သူတယောက်က  “စစ်တပ်က ညဘက်အပြင် မထွက်ရဲလောက်အောင်ကို လိုက်ဖမ်းနေတာ။ သတ်မှတ်ထားတာက ည ၁၂ နာရီ၊ ဖမ်းတော့ ၉ နာရီကျော်ကျော်ဆို တွေ့တာ။ အားလုံး ၁၃ ယောက်အထိ အဖမ်းခံခဲ့ရတာ။ သူတို့လုပ်တာတွေက ဥပဒေနဲ့အညီလို့ ပြောပေမဲ့ တခုမှ ဥပဒေနဲ့ မညီဘူး” လို့ ပြောပါတယ်။

ဖမ်းခံရသူတွေဟာ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေထဲက လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းအရွယ်တွေ အများဆုံးဖြစ်ပြီး ဖမ်းသွားတဲ့အချိန် စစ်တပ်က ရိုက်နှက်ကြိုးတုပ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

အဖမ်းခံရသူတွေနဲ့ နီးစပ်သူ ပုသိမ်ဒေသခံတယောက်က “ကင်းလှည့်ရင်းနဲ့ စစ်သားတွေက အပြင်မှာတွေ့လို့ ဖမ်းတာ။ အပြင်ထွက် ဈေးဝယ်သွားတာကို ညဘက် အပြင်ထွက်လို့ဆိုပြီး ဖမ်းတာ။ အခုထိ ဘယ်မှာထားတယ်ဆိုတာ ဘာမှ အဆက်အသွယ် မရသေးပါဘူး” လို့ ပြောပါတယ်။

အဖမ်းခံရသူ အများစုဟာ ဆိုင်ကယ် ကယ်ရီသမားတွေ၊ စက်ရုံဝန်ထမ်းတွေ၊ တွန်းလှည်းနဲ့ ဈေးရောင်းသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ အများဆုံး ပါဝင်ပြီး သူတို့ကို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့  စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013