Home
မြန်မာသတင်း
ကနီနှင့် သရက်ချောင်းက ကျေးရွာအချို့ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
March 6, 2024
bomb 632024

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အုမ္မအုပ်စု၊ တောင်ကိုးလုံးရွာကို စစ်ကောင်စီက မတ် ၅ ရက် ည ၁၁ နာရီ ၄၁ မိနစ်ကစပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ တောင်ကိုးလုံးရွာဟာ ကနီမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ နီးပါးကွာဝေးပြီး ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိကာ အိမ်ခြေ ၃၀ ကျော်ရှိတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေကတော့ လယ်ယာကိုင်းကျွန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင် စားသောက်နေကြတာပါ။

ဒေသခံရွာသားတဦးက “ပစ်တာက ညပိုင်း ၁၁ နာရီကျော်က စပစ်တာ။ ပထမပစ်တာက ဘုန်းကြီးကျောင်းနဲ့ ရွာကြားက လယ်ကွင်းမှာ ၁ လုံးကျတယ်။ ပစ်တာက ၃ ကြိမ်ပစ်တာ။ ရွာကလူတွေက ကနဦး စပစ်ကတည်းက တောတွေထဲ အကုန်ထွက်ပြေးရတယ်။ ဗုံးသီးက ဒုတိယအကြိမ်မှာ ၁ လုံး၊ တတိယအကြိမ်မှာ ၄ လုံးတွဲ တကြိမ် ပစ်ခဲ့တာဗျ။ စုစုပေါင်း ၆ လုံးပစ်သွားတယ်။ အဲဒီ ၆ လုံးမှာ ရွာအတွင်း ၂ လုံးကျတယ်၊ မြစ်ကမ်းဘေး ၁ လုံးကျတယ်။ ရွာထဲကျတာကတော့ နွား ၁ ကောင် သေတယ်။ လူ ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိတယ်၊ လူနေအိမ် ၂ လုံး ပျက်စီးတယ်။ ရွာသားအားလုံးကတော့ ရွာအတွင်းမှာ မနေရဲကြဘဲ ထွက်ပြေး‌နေရတယ်ဗျ။ ဘာလို့ အခုလို လာပစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကတော့ မသိဘူး။ မြေပြင်မှာလည်း ဘာတိုက်ပွဲမှ မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကနီမြို့နယ်၊ အုမ္မကျေးရွာအုပ်စုအတွင်းကို ပြီးခဲ့တဲ့‌ ဖေဖော်ဝါရီ ၁၆ ရက်‌ကလည်း ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်း ရှိတယ်ဆိုတဲ့ သတင်းအမှားရပြီး ပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာကိုလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၄ ရက်၊ ညနေ ၅ နာရီလောက်က စုံစင်ဖျားရွာအနီးတဝိုက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စုံစင်ဖျားရွာနေ အမျိုးသမီးတဦးက “လေယာဉ်က ၂ စင်းလာတာ။ ၁ စင်းပဲ ပစ်ချတာ။ အဖြူတ၁စင်းနဲ့ စစ်အစိမ်းရောင် ၁ စင်းပါ။ လေယာဉ်ဆိုတာနဲ့ ရွာကလူတွေက ကြောက်လန့်ပြီး ပြေးကြတယ်။ သေသွားတဲ့သူက လေယာဥ်လာတော့ အိမ်ထဲမှာ ခိုနေချိန် ဗုံးကျပြီး သေသွားတယ်။ အဲဒီနေ့မှာပဲ ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်”လို့ ပြောပါတယ်။

စုံစင်ဖျားရွာအပါအဝင် အနီးနားရှိ ပြင်းဖြူသားရွာ၊ မြလေးပြင်ရွာတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၁၀ ကျော် ကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စုံစင်ဖျားရွာမှ မြို့နဲ့ အဆက်အသွယ်ရှိတဲ့ အိမ်ထောင်စုတချို့ စစ်ဘေးရှောင်နေကြပြီး ရွာတွင်း ဆက်လက် နေထိုင်သူတွေဟာ ဗုံးခိုကျင်းတွေ တူးပြီး လေကြောင်းကာကွယ်မှုတွေ ပြုလုပ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

မတ် ၄ ရက် မနက်ပိုင်းမှာလည်း ထားဝယ်အရှေ့တောဒေသ၊ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013