စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံ အတွင်းရှိ လမ်းမကြီးပေါ်မှာ ပရီမီယာကော်ဖီ ကုမ္ပဏီက ပစ္စည်းပို့ဆောင်တဲ့ ၆ ဘီးကား ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်းပေါင်း ၅၈၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
မတ် ၅ ရက် မွန်းလွဲ ၁၂ နာရီကျော်က ကုန်ဖိုးငွေတွေလွဲဖို့ ဘဏ်ကိုသွားရောက်စဉ် လမ်းမှာ လက်နက်ကိုင် လူလတ်ပိုင်း အမျိုးသား ၂ ဦးက ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်းတဦးက “ဆိုင်ကယ်နဲ့ ကြိုစောင့်ပြီး လမ်းပေါ်တက်ရပ်ထားတာ။ သေနတ်နဲ့ချိန်ပြီး ကားကိုရပ်ခိုင်းတယ်။ ကားပေါ်ကလူကိုလည်း ဆွဲချပြီး သေနတ်နဲ့ ချိန်ထားတာ။ ကားပေါ်မှာပါလာတဲ့ ကုန်ဖိုးငွေတွေ အိတ်နဲ့ထုတ်ထားတဲ့ နှစ်အိတ်လုံး ယူပြေးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကုမ္ပဏီကားပေါ်မှာ ယာဉ်မောင်း၊ အရောင်းဝန်ထမ်း အမျိုးသား ၂ ဦးနဲ့ ငွေစာရင်းကိုင် အမျိုးသမီး ၁ ဦးတို့ လိုက်ပါလာတာဖြစ်ပြီး ဓားပြတိုက်သူတွေက အမျိုးသမီးကို ကားပေါ်ကဆွဲချပြီး သေနတ်နဲ့ချိန်ကာ ဓားပြတိုက်မှု ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ပစ္စတိုသေနတ်ကိုင်ထားသူ ၂ ဦးက ကားခေါင်းခန်းအတွင်းရှိ အိတ်အမဲနဲ့ထည့်ထားတဲ့ ငွေကျပ် သိန်း ၅၈၀ ကျော်ကို ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဓားမြတိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ အဲ့ဒီနေရာအနီးနဲ့ ဝန်ထမ်းတွေကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့အထိ မုံရွာမြို့မှာ ဓားပြတိုက်မှု ၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။