ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်တဲ့ နေရာကို ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မတ် ၄ ရက် ညပိုင်းမှာ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာက ကျောက်စိမ်းရုံးအတွင်း စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မတ် ၄ ရက် ညပိုင်းမှာ ကေအိုင်အေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ ပစ်ခတ်မှုဖြစ်ပွားပြီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့် ဒေသခံ အမျိုးသားတဦးက “ကျောက်စိမ်းရုံးထဲမှာက စစ်တပ်က တပ်စွဲထားတယ်။ အဲဒါကို ည ၁၀ နာရီလောက် လာပစ်သွားတာ။ စစ်တပ်ကလည်း ပြန်ပစ်တယ်။ ပစ်ခတ်မှု ဖြစ်တာ သိပ်တော့မကြာဘူး။ အလွန်ဆုံး နာရီဝက်လောက်ပဲ”လို့ ပြောပါတယ်။
ကျောက်စိမ်းရုံး ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိခိုက်ကျဆုံးမှု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေပြီး ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ နေထိုင်တဲ့ တာမခံကျေးရွာက ခြေမြန်တပ်ရင်း ခမရ ၁၁၉ ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ဖြစ်နေပါတယ်။