Home
နိုင်ငံတကာ
ယူကရိန်း ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရုရှားကင်းလှည့်သင်္ဘော ၁ စီး ပျက်စီး
DVB
·
March 6, 2024
Russia ship_06032024

ယူကရိန်းပင်လယ်ပြင် ခရိုင်းမီးယားကမ်းလွန်မှာ မောင်းသူမဲ့လေယာဉ် ဒရုန်းတွေကြောင့် ရုရှား ပင်လယ်နက်ရေတပ်က ကင်းလှည့်သင်္ဘောတစီး ပျက်စီးသွားခဲ့ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက မတ် ၅ ရက်မှာ ပြောပါတယ်။

ကာ့ချ်ရေလက်ကြားအနီး ရုရှားပင်လယ်နက်ရေတပ် ကင်းလှည့်သင်္ဘော ဆာဂျီကာ့တော့ဗ်ကို ယူကရိန်းရဲ့ အထူးတပ်ဖွဲ့ အုပ်စု ၁၃ က တိုက်ခိုက်ခဲ့ကြောင်း ထောက်လှမ်းရေးအေဂျင်စီက တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်မှာ ပြောထားပါတယ်။

ထောက်လှမ်းရေးအေဂျင်စီက “မာဂူရာ ဗီဖိုက်အဏ္ဏဝါဒရုန်းတွေရဲ့ တိုက်ခိုက်မှုရလဒ်ကြောင့် ရုရှားသင်္ဘော ဆာဂျီကာ့တော့ဗ်ဟာ အနောက်ဘက်ပဲ့ပိုင်း၊ သင်္ဘောပဲ့ကိုင်တဲ့ ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းတွေ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရှိရတဲ့ သင်္ဘောရဲ့ပုံသဏ္ဍာန်၊ လက်နက်တွေ တပ်ဆင်ထားပုံနဲ့ တည်ဆောက်ပုံတွေဟာ ရုရှားသင်္ဘော ဆာဂျီကာ့တော့ဗ်ရဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီနေတယ်လို့ ရိုက်တာက အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ကြည်လင်ပြတ်သားမှု နည်းပါးပြီး မိုနိုခရုမ်းကြောင့် ဗီဒီယိုဖိုင်ကိုတော့ အတည်မပြုနိုင်ပါဘူး။

ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားပြည်မကြီးကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ရထားအသွားအလာ ယာယီရပ်ထားတယ်လို့ ခရိုင်းမီးယားမှာ ရုရှားက ခန့်အပ်ထားတဲ့ အရာရှိတဦးရဲ့ တယ်လီဂရမ်ချန်နယ်အရ သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါဘူး။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013