Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ခြမ်းက ချောင်းဒဲစစ်ရှောင်စခန်းတွင်  ရိက္ခာပြတ်
DVB
·
March 6, 2024
vit 632024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ၃ နှစ်ကျော်ကြာ စစ်ရှောင်နေရတဲ့ ချောင်းဒဲစစ်ရှောင်စခန်းမှာ ဆန်နဲ့ဆီတွေ ပြတ်လပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ချောင်းဒဲစစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၉ အိမ်ရှိပြီး လူဦးရေ ၁၂၈ ယောက်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ၁၅ ယောက်တို့ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက“အဓိကကတော့ ဆန်ပေါ့၊ ဆီရယ် ရေရယ်လည်း လိုအပ်တာတော့ ရှိနေတာပေါ့နော်။ တချို့က ဆန်က မနက်ဖြန်ဆို ကုန်တော့မယ်၊ သန်ဘက်ခါဆို ကုန်တော့မယ်ဆိုသူတွေ ရှိတာပေါ့၊ အဲဒီလိုဆို အလှူရှင်ထပ်ရှာရတာ၊ လိုက်ရှာရတာ ဖြစ်တယ်။ မဟုတ်လည်း အမျိုးတွေနားက တောင်းစားရတာ။ အဲဒီလို ဖြစ်တယ်” လို့ ပြောပါတယ်။

ဆန်၊ ဆီ၊ ရိက္ခာတွေ လာလှူတဲ့ အလှူရှင်တွေက ၂၀၂၃ ခုနှစ် ၁၂ လပိုင်းအထိပဲ လာလှူကြတယ်လို့ သိရပြီး ကျန်တဲ့နေ့ရက်တွေမှာ စစ်ရှောင်ပြည်သူအချင်းချင်း ပြန်လည်မျှဝေတာ၊ ဆွေမျိုးတွေဆီက ချေးငှားရတာတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ဒီးမော့ဆိုမြို့နယ်ကနေ ၂၀၂၁ ခုနှစ် ၅ လပိုင်းကတည်းက စစ်ရှောင်နေရပြီး ​စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရန်၊ လေကြောင်းရန်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် နေရပ်မှာ ပြန်နေထိုင်ဖို့အတွက် အခက်အခဲရှိတဲ့အတွက် နေအိမ် ပြန်ကြည့်တာ၊ သန့်ရှင်းရေး ပြန်လုပ်တာကိုပဲ ပြုလုပ်ရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းကျော်အထိ နေထိုင်ကြပြီး စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်တာ၊ မိုးကာလိုအပ်တာ၊ ရေရှားပါးတာ စတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013