ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝင်းမှာ မတ် ၅ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောက်စိမ်းကုမ္ပဏီဝင်းကို မနက်ပိုင်းက စွန့်ခွာသွားပြီးနောက် အင်အား ၄၀ ကျော်ရှိတဲ့ အမည်မသိအဖွဲ့က ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “မြန်မာသူရဝင်းထဲမှာက စစ်သားတွေ ရဲတွေ အင်အား ၃၀ ကျော်လောက် တပ်စွဲနေထိုင်ကြတယ်။ မနက် ၉ နာရီလောက်က အဲဒီဝင်းထဲမှာ နေတဲ့ စစ်တပ်နဲ့ရဲတွေ ထွက်သွားပြီး ညနေ ၃ နာရီလောက်မှာ မီးလာရှို့ကြတာ။ ဘယ်အဖွဲ့လဲတော့ မသိဘူး။ စစ်တပ် တပ်စွဲတဲ့နေရာကို မီးရှို့တာ ဆိုတော့ တော်လှန်ရေးအဖွဲ့တွေပဲ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က မြန်မာသူရကျောက်စိမ်း ကုမ္ပဏီဝင်းထဲမှာ နေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နေရာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ ဒေသခံတွေက ကုမ္ပဏီဝင်းအတွင်းက ကျောက်စိမ်းနဲ့ တခြားပစ္စည်းတွေကို ဝင်ရောက်ယူဆောင်ခဲ့ကြပါသေးတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီကနေ ဖမ်းဆီးထားပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။